ခမ်းသားငေါဝ်း
နိုဝင်ဘာ ၉၊၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့လယ်ဘုရားဝန်းတွင် စခန်းချနေသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များအား တအာင်းတပ်မတော် TNLA မှဝင်စီးပြီး စစ်သုံ့ပန်း ၁၇ ဦး ဖမ်းဆီးခဲ့ကြောင်းနမ့်ခမ်းမြို့ခံတစ်ဦး‌က ပြောဆိုသည်။
စစ်ကောင်စီတပ်သား နှင့်ပြည်သူ့စစ်များထံမှ လက်နက်ခဲယမ်းများ စစ်ပစ္စည်းအသုံးအဆောင်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
“အရှင် ၁၇ ယောက်မိတယ်လို့ပြောတယ်။ ပစ်ခတ်​နေတုန်းပါ၊နမ့်ခမ်းရှိ စစ်ကောင်စီစခန်းကြီးတစ်ခုသိမ်းရဖို့ TNLAကြိုးပမ်းနေတယ်။ မနေ့ညထိတော့ကြားရတယ်” ဟု နမ့်ခမ်းမြို့ခံအမျိုးသမီးတစ်ဦးကပြောသည်။
နမ့်ခမ်းမြို့အမျိုးသားတစ်ဦးကလည်း” လက်ရှိက စစ်ကောင်စီနှင့်ဆက်စပ်တဲ့ဟာ အကုန်လိုက်သိမ်းနေတယ်။ ဘုရားမှာရှိတဲ့ စစ်တပ်သားတွေကို အပြတ်ရှင်းလိုက်တယ်လို့ကြားတယ်။ ခုကျွန်တော်တို့က မြို့ထဲမနေပဲရှောင်နေရတာ”ဟု ပြောသည်။
နမ့်ခမ်းမြို့လယ်ဘုရားတွင် စခန်းချသည့်စစ်ကောင်စီတပ်နှင့်ပြည်သူ့စစ်ကို TNLAတပ်က ပြီးခဲ့သည့် နိုဝင်ဘာ(၆)ရက်နေ့က စတင်တိုက်ခိုက်ပြီး နိုဝင်ဘာ (၇)ရက်နေ့ နံက်ပိုင်း ၅ နာရီခွဲအချိန်တွင်အပြီးသတ်ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလပထမပတ်ကျော်အတွင်း နမ့်ခမ်းမြို့ကိုထိန်းချုပ်နိုင်ရန် TNLA တပ်မှ စစ်ကောင်စီတပ်စခန်းများ၊ တရားရုံးများ၊ ဌာနဆိုင်ရာရုံးများကို ဝင်တိုက်ခိုက်ပြီး သိမ်းဆည်းရရှိသည်များရှိနေသလို လက်ရှိတွင်လည်း အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများရှိနေကြောင်း ဒေသခံများက ပြောဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *