ခမ်းသားငေါဝ်း
နိုဝင်ဘာ ၆၊ ၂၀၂၃
အာဏာသိမ်း​ပြီးကာလအတွင်း ခရီးသွားများထက်ဝက်လျော့ကျသွားသော်လည်း၂၀၂၃ ခုနှစ် ရွာငံနှင့် ပင်းတယနယ်တွင် ခရီးသွားများတဖြည်းဖြည်း များပြားလာကြောင်း ခရီးသွားပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးပြောပြချက်အရသိရသည်။
ရှမ်းတောင်ရှိ ပင်းတယနှင့် ရွာငံဒေသများတွင်ပြည်တွင်းခရီးသွားများ တဖြည်းဖြည်း များလာပြီး နိုင်ငံခြားခရီးသွားလာနေမှုက နည်းပါးနေဆဲဖြစ် ကြောင်းစုံစမ်းသိရှိရပါသည်။
ယခုဆောင်းဦးရာသီဖြစ်သည့်အတွက် ခရီးသွားများပို၍လာရောက်နိုင်ပြီး နောက်နှစ်၂၀၂၄ အထိပါပိုမိုများပြားလာရောက်နိုင်ရန်မျှော်မှန်းထားကြောင်းခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးကယခုလိုပြောပြထားသည်။
“အခုက ဆောင်းဦးကာလလည်း ဖြစ်တော့ ခရီးသွားတဲ့သူတွေက တဖြေးဖြေးနဲ့များလာတယ်၊ ပြောဖို့တော့စောသေးတယ်ပေါ့နော် နောက်နှစ်၂၀၂၄ ခုနှစ်မှာပါပိုပြီးများလာနိုင်မယ်လို့ မျှော်မှန်းထားပါတယ် “ဟု ၄င်းကဆက်ပြောထားသည်။
ခရီးသွားလုပ်ငန်းများထက်ဝက်လျော့ကျသွားသည့်အတွက် ခရီးသွားလုပ်ငန်းကိုပါ ရိုက်ခတ်မှုရှိပြီးအခက်ခဲဖြစ်စေခဲ့ကြောင်းသိရသည်။
” အခုအချိန်တော့ နိုင်ငံရေးကမတည်ငြိမ်တော့ ရိုက်ခတ်မှုရှိတာပေါ့လေ၊ ကျနော်တို့က တောတောင်တွေကိုအဓိကထားပြီး ခရီးသွားလုပ်ငန်းလုပ်နေရတော့ ပိုဆိုးတာပေါ့လေ၊ အနီးနားတဝိုက်မှာ တစုံတရာဖြစ်ရင် ကျနော်တို့ ကိုလာရိုက်ခတ်မှုရှိတော့ ခရီးသွားနည်းသွားတာပေါ့”ဟု တည်းခိုခန်း လုပ်ငန်း လုပ်ကိုင်​​နေသူတစ်ဦး ခမ်းသားငေါဝ်းကိုပြောသည်။
ခရီးသွားရာသီဖြစ်သည့် အောက်တိုဘာလမှဇန်နဝါရီလအထိ ခရီးသွား လာရောက်မှုပိုများပြီး ကျန်သည့်လများတွင် ခရီးသွားဧည့်သည်နည်းပါးကြောင်း စုံစမ်းသိရှိရပါသည်။
ပင်းတယ ရွာငံမြို့နယ် တွင် သဘာဝအလှအပများ အများအပြားရှိနေပြီး နှစ်စဥ်ပြည်တွင်းခရီးသွားများ လာရောက်လည်ပတ်ကြသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ဆေးရေးဂိတ် တင်းကြပ်စွာ စစ်ဆေးမှုများရှိသဖြင့် ခရီးသွားလာမှုနည်းပါးလာသလို၊ အာဏာသိမ်းမှု အကျိုးဆက်ကြောင့် ပြည်ပခရီးသွားများ မရှိသလောက်နည်းပါသွားသည်။

Leave a Reply

Your email address will not be published. Required fields are marked *