ခမ်းသားငေါဝ်း
နိုဝင်ဘာ ၉၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ် တောင်မဲသင်းဒေသတွင် စစ်ကောင်စီက ယနေ့မနက်ပိုင်း အထိ တစ်ဖက်သက် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။
ဖယ်ခုံမြို့ရှိ အမြှောက်တပ်မှ တောင်‌‌မဲသင်း ကျေးရွာဖက်ကို လက်နက်ကြီးပစ်ခတ်လာပြီး ယမန်နေ့ နိုဝင်ဘာ ၈ ရက်နေ့ ည ၄ နာရီအချိန်တွင် ၄ ကြိမ်၊ ည ၉ နာရီကျော်တွင် ၃ ကြိမ် နှင့် ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့ မနက် ၁၁ နာရီအချိန်တွင် ၃ ကြိမ် ပစ်ခတ်လာနေကြောင်း ဒေသခံများက ပြောဆိုသည်။
ယမန်နေ့ညတွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် နမ့်နိမ့်၊‌ တောင်မဲသင်း ဒေသခံများ နီးစပ်ရာ ဘေးကင်းရာ ကျေးရွာများသို့ တိမ်ရှောင်ကြပြီး ယနေ့ မနက်မှ တောင်ယာသွားရန် ရွာပြန်လာကြ ကြောင်း သိရသည်။
“တောင်ယာက ခုရိတ်သိမ်းချိန်ရောက်တော့မယ်ဆို တော့ မသွားလို့လည်း မရဘူးလေ ကြောက်နေရင်လည်း မိသားစု စားဝတ်နေရေးရှိနေသေး ‌ေတာ့ ပြန်သွားကြတာ “ဟု တောင်မဲသင်းဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီပစ်ခတ်သော လက်နက်ကြီးသည် ဒေသခံများ၏ စိုက်ပျိုးခင်းထဲတွင် ကျရောက် ပေါက်ကွဲ‌သောကြောင့် တောင်ယာပြန်လုပ်သည်ကိုလည်း မိမိ၏လုံခြုံရေးကို အထူးစိုးရိမ် နေရ ကြောင်း ဒေသခံများက ပြောဆိုသည်။
“ဒီနေ့ ပစ်တာက တောင်မဲသင်းနဲ့ လုံးပျဉ်ရွာကြားမှာ ကျတယ် တောင်ယာလုပ်တဲ့ ဧရိယာထဲဘဲကျတာ လူထိခိုက်မှု ရှိလားတော့ မသိရဘူး”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
တောင်မဲသင်း ဒေသတွင် ပြီးခဲ့သည့် မတ်လအတွင်း တိုက်ပွဲ ပြင်းထန်ရာ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်များထောင်ထားသည့် မြေမြုပ်မိုင်းများကြောင့် ဒေသခံ ၅ ဦးထက်မနည်း နင်းမိပြီး မိုင်းရှင်းသည့်အခါတွင်လည်း ဒေသခံများကိုယ်တိုင် ပြန်လည်ရှင်းခဲ့ရကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *