ခမ်းသားငေါဝ်း
နိုဝင်ဘာ ၄၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ဆောင်းပြောင်းကျေးရွာအနီးတွင် လက်နက်ကြီးသံနှင့် ကောလဟာလသတင်းစကားကြောင့် ဒေသခံများ မအိပ်နိုင်ဘဲ စိုးရိမ်ထိတ်လန့်ဖြစ်နေရကြောင်းဒေသခံများပြောပြချက်အရ သိရသည်။
ဆောင်းပြောင်း‌ကျေးရွာအနီး‌တွင် နိုဝင်ဘာလ ၂ ရက်နေ့ ည ၁၁ နာရီအချိန်တွင် လက်နက်ကြီးပစ်ခတ်သံ ၃ ကြိမ် နှင့် လက်နက်ငယ်အသံများ‌ ကြောင့် ဒေသခံများမအိပ်နိုင်ဘဲ စိုးရိမ်နေကြရကြောင်း ဒေသခံများက ပြောဆိုသည်။
“အသံကတော်တော်ကျယ်တယ်။ ရွာရဲ့‌‌တောင်ဘက်ကနေကြားရတာ။ လက်နက်ကြီးသံက ၃ ခါလောက်ကြားရတယ်။အိပ်ပျော်နေတာတောင် လန့်နိုးသွားတာ။ ၅ မိနစ်မကြာဘူးလက်နက်ငယ်သံလည်းကြားရတယ်။ ဘယ်ကနေပစ်နေဒါလည်းတော့ သေချာမသိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယမန်နေ့ နိုဝင်ဘာလ ၃ ရက်နေ့ညတွင်လည်းလက်နက်ကြီးထပ်ပစ်လာမည် ဆိုသည့်ကောလဟာလ သတင်းစကားကြောင့် ဒေသခံများစိုးရိမ်ထိတ်လန့်ဖြစ်ပြီး မအိပ်နိုင်ကြကြောင်း ပြောဆိုသည်။
ဆောင်းပြောင်းဒေသခံတစ်ဦးက “သူငယ်ချင်းက ဖုန်းဆက်ပြောလာတယ်။ဒီညလည်းလက်နက်ကြီးပစ်မယ် မကြောက်နဲ့ဆိုပြီးတော့။အိမ်ကလူကြီးတွေဆို သိတဲ့အတိုင်းဘဲ အိပ်မပျော်တော့ဘူး။” ဟုပြောသည်။
မတ်လ ၁၁ နေ့တွင် နန်းနိမ့်ရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်ပြီးနောက်ပိုင်းတွင် ဒေသခံများက ယနေ့အချိန်ထိ လက်နက်ကြီးသံကို ကြောက်ရွှံ့နေကြကြောင်း ဒေသခံများက ပြောဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *