ခမ်းသားငေါဝ်း
နိုဝင်ဘာ ၉၊၂၀၂၃
စစ်ကောင်စီဦးဆောင်ကျင်းပမည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို ဒေသခံများ မသွားခြင်းဖြင့် ဆန့်ကျင်ဆန္ဒပြဖို့ ဒေသခံလူငယ်များ တိုက်တွန်းတောင်းဆိုထားတယ် လို့ သိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ စစ်ကောင်စီဦးဆောင်ကျင်းပမည့် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို ဒေသခံများအ‌နေနဲ့ မသွားခြင်းအားဖြင့် ဆန့်ကျင်ဆန္ဒပြဖို့ ဒေသခံလူငယ်များက ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
“စစ်အာဏာရှင်လုပ်တဲ့ ပွဲတွေမှန်သမျှ ကျွန်တော်အနေနဲ့ လက်မခံဘူး ပြီးတော့ အခုပွဲတော်စီစဉ်တာက အဖြစ်သဘောပဲ လုံခြုံ‌ရေးအပိုင်းလည်း ပွဲလာသူအတွက် အာမခံချက်မရှိဘူး။ အဝေးကပဲဖြစ်ဖြစ် အနီးကပဲဖြစ်ဖြစ်မလာစေချင်ဘူး ”ဟု တောင်ကြီး ဒေသခံလူငယ်တစ်ဦးက ခမ်းသားငေါဝ်းကို ပြောပါသည်။
စစ်ကောင်စီကနေ ဦးဆောင်ပြီး တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကျင်းပရတာဟာ နိုင်ငံရေး မတည်ငြိမ်မှုကို ဖုံးကွယ်ချင်တာဖြစ်ပြီး နိုင်ငံတကာ မျက်နှာစာမှာ တိုင်းပြည်ငြိမ်းချမ်းနေကြောင်းပြသလိုတဲ့ ရည်ရွယ်ချက်ဖြစ်တယ် လို့ ဒေသခံများက ပြောဆိုကြပါတယ်။
စစ်ကောင်စီဟာ တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို နိုဝင်ဘာလ ၂၁ ရက်ကနေ ၂၇ ရက်နေ့အထိ ၇ ရက်ကြာ ကျင်းပပြုလုပ်သွားမယ် လို့ သိရပါတယ်။
တောင်ကြီးဒေသခံအမျိုးသမီးတစ်ဦးကလည်း “အခြားဒေသတွေမှာ ဒုက္ခရောက်နေကြတာ ကိုယ်တွေက ပျော်ပွဲရွှင်ပွဲလုပ်နေတာက မကောင်းဘူး။ ပြီးရင် တစ်ခုခုဖြစ်မလာနိုင်ဘူးလို့ ဘယ်သူအာမခံနိုင်လဲပေါ့။ ကျမဆိုရင် စစ်အာဏာရှင်အမြစ်ပြတ်ဖို့ ဆန္ဒပြတဲ့အနေနဲ့မသွားဘူး” ဟု ပြောပါတယ်။
တန်ဆောင်တိုင်မီးပုံးပျံပွဲကာလအတွင်း မီးပုံပျံ ညမီးကြီး၊ စိန်နားပန် အားလုံး- ၆၄လုံး ရှိမည်ဖြစ်ပြီး လက်ရှိ ပြိုင်ပွဲဝင်ဖို့ အတင်းအဓမ္မစေခိုင်းခြင်းခံရတယ် လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦး ပြောဆိုချက်အရ သိရပါတယ်။
ပုံ-လူမှုမီဒီယာ

Leave a Reply

Your email address will not be published. Required fields are marked *