ခမ်းသားငေါဝ်း
နိုဝင်ဘာ ၈၊၂၀၂၃
ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသ နှင့် တုန်းရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်း ၂ ခု အပါအဝင် တပ်စခန်း ၃ ခုကို MNDAA က နိုဝင်ဘာလ ၇ ရက်နေ့တွင် ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါသည်။
မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)သည် ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသ နှင့် တုန်းရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်းကို ထိုးစစ်တိုက်ခိုက်ပြီး တပ်စခန်း(၂)ခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ ကြောင်း MNDAA က ထုတ်ပြန်ထားပါသည်။
MNDAA သည် ရှီးရှမ်းဒေသ ၊ တာရွှေထန်ရှိ စစ်ကောင်စီ၏ နံပါတ်(၁၁)စခန်းကို နိုဝင်ဘာ ၇ ရက် နံနက် (၆)နာရီအချိန်တွင် ထိုးစစ်တိုက်ခိုက်ခဲ့ပြီး မိနစ်(၃၀)ကြာတိုက်ပွဲ ပြင်းထန်ကာ အဆိုပါတပ်စခန်းကို သိမ်းယူနိုင်ခဲ့ကြောင်း ဖော်ပြထားပါသည်။
နံနက်(၇း၀၇)နာရီအချိန်တွင် ကိုးကန့် MNDAA သည် တုန်းရှမ်းဒေသ ၊ ပန်းဝါရှိ စစ်ကောင်စီစခန်းကို ထိုးစစ်တိုက်ခိုက်ခဲ့ပြီး (၇း၃၀)နာရီအချိန်တွင် ၎င်းစခန်းကို အပြီးသိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ စစ်ကောင်စီ၏ မုံးကိုးဗျူဟာကုန်းကို နိုဝင်ဘာ (၅) နှင့်( ၆ )ရက်နေ့ နှစ်ရက်ဆက်တိုက် ထိုးစစ်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး (MNDAA) နှင့် မုံးကိုးလုံခြုံရေး အဖွဲ့တို့ပူးပေါင်းကာ နိုဝင်ဘာ (၇ )ရက်နေ့ နေ့လည်(၁၂း၄၀)နာရီအချိန်တွင် အဆိုပါဗျူဟာကုန်းကို အောင်မြင်စွာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည် ဟု သိရသည်။
မုံးကိုးဗျူဟာကုန်းတွင် MNDAA မှ ဝီဇာအမြောက် (၂) လက်ကိုဖျက်ဆီးခဲ့ပြီး EE-9 ဘီးအမျိုးအစား သံချပ်ကာ (၁)စီးကိုသိမ်းယူခဲ့ ကြောင်း ထုတ်ပြန်ထားသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီ၏တပ်စခန်းအကြီးအသေး စုစုပေါင်း(၁၁၉)ခုကို အောင်မြင်စွာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည် MNDAA ထုတ်ပြန်ချက်အရ သိရပါသည်။
ပုံ-နိုဝင်ဘာလ ၇ ရက်နေ့ MNDAAမှ သိမ်းဆည်းရရှိသော စစ်ကောင်စီ၏EE-9 ဘီးအမျိုးအစားသံချပ်ကာကား(၁)စီးဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *