ခမ်းသားငေါဝ်း
နိုဝင်ဘာ ၈၊၂၀၂၃
ပင်လောင်းတောင်ဖက် တောင်မဲသင်း၊ နမ်းနိမ့်၊ လုံးပျဉ် ဒေသတွင် စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်မှု‌ကြောင့် ဒေသခံများ ထိတ်လန့် ကြောက်ရွံ့နေကြရကြောင်း‌ ဒေသခံတစ်ဦး‌ ပြောဆိုချက်အရ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းတောင်ဖက် တောင်မဲသင်း၊ နမ်းနိမ့်၊ လုံးပျဉ် ကျေးရွားများသို့ ယနေ့ နိုဝင်ဘာ ၈ ရက်နေ့တွင် ဖယ်ခုံမြို့ရှိ စစ်ကောင်စီတပ်မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်သဖြင့် ဒေသခံများ ထိတ်လန့် ကြောက်ရွံ့နေကြရကြောင်း‌ ဒေသခံတစ်ဦး‌က ပြောဆိုသည်။
အဆိုပါ‌ဒေသတွင် ယခုရက်ပိုင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယနေ့ ညနေ ၄ နာရီအချိန်တွင် တောင်မဲသင်း ကျေးရွာဖက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီး ၄ ကြိမ် ပစ်ခတ်လာခဲ့ကြောင်းသိရသည်။
“ရွာသားတွေက ပစ္စည်းတွေ သိမ်းနေကြတယ်ဒေသခံတစ်ချို့လည်း နေအိမ်မှာ မနေရဲဘူး ဘုန်ကြီးကျောင်းမှာ စုပြီးနေကြတယ်။ ပြီးရင် ဘေးကင်းရာထင်တဲ့ တောထဲထွက်ပြေးကြတယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
တောင်မဲသင်း ဒေသခံများသည် ၂၀၂၃ ခုနှစ် မတ်လမှစပြီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်‌ပြေးတိမ်းရှောင်ရာမှ တောင်ယာလုပ်ငန်းလုပ်ကိုင်ရန်အတွက် ဟုဆိုပြီး ရွာပြန်လာခဲ့သည်မှာ ၃ လပင်မပြည့်သေးကြောင်းသိရသည်။
“ရွာပြန်တာ မကြာ သေးဘူး အပင်တောင်စိုက်ပြီးပြီ အခုဆို တောင်ယာတစ်ချို့က ရိတ်သိမ်းရတော့မယ် ခုလို လက်နက်ကြီး သံတွေကြားရတော့ အရမ်း ကြောက်မိတယ် တိုက်ပွဲပြန်ဖြစ်မှာ အရမ်းကြောက်တယ်”ဟု ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည် မတ်လအတွင်း ပင်လောင်းတောင်ဖက်ဖြစ်ပွားသည့်တိုက်ပွဲ‌တွင် ဒေသခံ၂၀ ကျော် နှင့် သံဃာ ၃ ပါး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရပြီး စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘုန်းကြီးကျောင်း နှင့် လူနေအိမ်များမီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *