ခမ်းသားငေါဝ်း
နိုဝင်ဘာ ၆၊ ၂၀၂၃
ပအိုဝ်းအမျိုးသမီးသမဂ္ဂ အနေဖြင့် အမျိုးသမီး အခွင့်အရေးနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုကို ပြည်သူနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ပြောဆိုသွားသည်။
“အာဏာသိမ်းပြီးနောက်ပိုင်း စစ်ပွဲတွေ၊ လူ့အခွင့် အရေး ချိုးဖောက်မှုတွေ နေ့စဉ်နှင့်အမျှ ပိုပိုဆိုးလာတဲ့အတွက် ၂၄ နှစ်ပြည့် အထိမ်းအမှတ်ကနေစပြီး ပိုပြီးတော့ ပြည်သူလူထုနှင့်အတူ တိုက်ပွဲတွေ ပိုပြီး လုပ်ဆောင်သွားဖို့ရှိပါတယ်။ “ ဟု PWU ရဲ့ တာဝန်ရှိသူတစ်ဦးမှပြောသည်။
ပအိုဝ်းအမျိုးသမီးသမဂ္ဂ (PWU) ဖွဲ့စည်းတည် ထောင်ခြင်း ၂၄ နှစ်ပြည့် အထိမ်းအမှတ်နေ့ကို နိုဝင်ဘာလ ၅ ရက်နေ့တွင် နိုင်ငံရေးအခြေအနေရ အွန်လိုင်းဖြင့် အကျဉ်းချုံးသာကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပအိုဝ်းအမျိုးသမီးသမဂ္ဂ (PWU) အနေဖြင့် ၄င်းတို့ယုံကြည်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နှင့် တရားမျှတသော လူ့ဘောင်အဖွဲ့အစည်းတစ်ရပ် ပေါ်ထွန်းလာရန်အတွက် ၄င်းတို့နှင့် ဘုံရည်မှန်းချက် တူညီသော ပအိုဝ်းမိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူ လူထုများအပြင် အခြားသော လူမျိုးစုတိုင်းရင်း သားများနှင့် လက်တွဲကာ ဆက်လက်အကောင်အ ထည်ဖော်ဆောင်ရွယ်သွားမည်ဟုပြောဆိုထား သည်။
“ ဒီကာလဖြစ်ပျက်သွားတာနဲ့ပတ်သက်ပြီး တရားမျှတမှုအတွက် ဆက်လက် လုပ်ဆောင်သွားဖို့ရှိပါတယ်။ ဒါ့အပြင် အကြမ်းဖက်ခံနေရတဲ့အမျိုးသမီးတွေလဲ တရားမျှတမှုရရှိအောင် လက်လှမ်းမှီမှုရရှိအောင် လူတိုင်းပူးပေါင်းပါဝင်ဖို့လိုပါတယ်လို့ ပြောချင်ပါတယ်။” ဟု တာဝန်ရှိသူတစ်ဦးက ဆက်ပြောသည်။
လက်ရှိတွင် ပအိုဝ်းအမျိုးသမီးသမဂ္ဂ(PWU) သည် ကျေးလက် အမျိုးသမီးများ၊ ပြည်သူလူထုများတို့အား စွမ်းဆောင်ရည်မြှင့်မားရန်နှင့် ၄င်းတို့အခွင့် အရေးများ သိရှိပြီး ကျင့်သုံးလာနိုင်ရန် အသိပညာသင်တန်းများ၊ စည်းရုံးလှုံ့ဆော်မှုများကို အစဉ်အ ဆက်လုပ်‌ဆောင်နေကြောင်းသိရသည်။
လက်ရှိပအိုဝ်းဒေသအတွင်း အမျိုးသမီးများသည် နယ်ပယ်အသီးသီး၌ ဦးဆောင်မှုအပိုင်းတွင် ၄င်းတို့ကိုယ်တိုင်ယုံကြည်မှုရှိပြီး အရည်အချင်းရှိပြီးသားဆိုသော်လည်း အသိုင်းအဝိုင်းက အသိအမှတ်ပြုလက်ခံရန် အများကြီးလိုအပ်နေသေးကြောင်း ဆိုသည်။
ပအိုဝ်းအမျိုးသမီးသမဂ္ဂ(PWU) အနေဖြင့် လက်ရှိလုပ်ဆောင်နေသည့် နယ်မြေများသည် တောင်ကြီးမြို့၊ ပင်လောင်းမြို့၊ ပင်လုံမြို့၊ ဟိုပုံးမြို့၊ မောက်မယ်မြို့၊ ဆီဆိုင်မြို့၊ လွိုင်လင်မြို့တို့ဖြစ်ကြောင်းသိရသည်။
ပအိုဝ်းအမျိုးသမီးသမဂ္ဂ ( PWU) ကို ၁၉၉၉ နိုဝင်ဘာလ ၅ ရက်နေ့တွင် မဲဟောင်ဆွန်နယ်စပ်၌ စတင်ဖွဲ့စည်းခဲ့သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ( WLB) ၏ အဖွဲ့ဝင်လည်းဖြစ်ကြောင်းသိရသည်။

You missed