ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၊၂၀၂၃
(၆)နှစ်ကျော်ကြာရပ်နားထားသည့် အမှတ်(၂)ပင်းပက်သံမဏိစီမံကိန်းအား စစ်ကောင်စီမှပြန်လည် လည်ပတ်မည်ကို ပအိုဝ်းလူငယ်အစည်းအရုံး (PYO)နှင့် ‌ဒေသခံလူထုများက အလိုမရှိကြောင်း ပြောဆိုထားသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နမ်းဆီးကျေးရွာအုပ်စုအတွင်းရှိ အမှတ်(၂)ပင်းပက်သံမဏိစက်ရုံသည် (၆)နှစ်ကျော်ကြာ ရပ်နားထားရာမှ စစ်ကောင်စီက ပြန်လည်လည်ပတ်မည်ကို ပအိုဝ်းလူငယ်အစည်းအရုံး (PYO)နှင့် ‌ဒေသခံလူထုများက အလိုမရှိကြောင်း ယနေ့နိုဝင်ဘာလ (၁)ရက်နေ့တွင်သိရသည်။
ယခုချိန်တွင် သံရည်ကြိုသည့်အလုပ်ရုံ(၂၂)ရုံရှိသည့်အနက် (၁၉)ရုံသည် စမ်းသပ်လည်ပတ်နေပြီဖြစ်ပြီး ကျန်(၃)ရုံသည်လည်း အမြန်ဆုံးလည်ပတ်သွားမည်ဖြစ်ကြောင်း သိရသည်။
အမှတ်(၂)ပင်းပက်သံမဏိစက်ရုံသည် အစပျိုးတည်ထောင်စဥ်ကပင် ဒေသခံပြည်သူများအတွက် ထိခိုက်နှစ်နှာမှုအများအပြားရှိခဲ့ပြီး ‌ဒေသခံများ သဘောမတူပဲ လယ်ယာမြေသိမ်းဆည်းခြင်း မျှတသည့်လျှော်ကြေးငွေများလည်း မရရှိခဲ့ကြကြောင်း သိရသည်။
“ဆုံးရှုံးမှုကတော့တော်တော်များများရှိခဲ့တယ်ပေါ့၊ ဘာကြောင့်လည်းဆို‌တော့ ကျွန်တော်တို့က တိုင်းရင်းသားတွေပီပီ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ဘာသာရေးစတဲ့အရေးပေါင်းစုံကို ဒီမြေက စိုက်ပျိုးရေးနဲ့ပဲ ဖြေရှင်းနေကြတဲ့လူတွေဆိုတော့” ဟု ပင်းပက်မှ မြေသိမ်းခံရသူတစ်ဦးကပြောသည်။
ပင်းပက်သံမဏိစက်ရုံ ပြန်လည် လည်ပတ်နိုင်မည်ဆိုပါက တောင်‌ပေါ်တွင် သံရိုင်းများထုတ်ပြီး တောင်နှင့်ကပ်ရပ်ရွာဖြစ်သည့် လိုင်းငေါရွာ၊ စက်ရုံနှင့်ကပ်ရပ်ရွာဖြစ်သည့် နောင်ကာကယ်ရွာများသည် ရွေ့ပြောင်းရမည့်အနေအထားတွင် ရှိနေကြောင်း ၎င်းက ဆက်ပြောဆိုသည်။
“ဒီအမှတ်(၂)ပင်းပက်သံမဏိစက်ရုံဟာ လူတစ်စုအတွက် အာဏာရှင်တစ်စုအတွက်ပဲ အကျိုးအမြတ်ဖြစ်တယ်ပေါ့၊ ဒေသခံလူထုတွေအတွက် အကျိုးမရှိဘူး၊ အကျိုးပြုစေတဲ့စီမံကိန်းလည်း မဟုတ်ဘူးပေါ့၊ ဒါကြောင့်မို့လို့ ဒီစီမံကိန်းကို လူထုတွေအလိုမရှိသလို ကျွန်မတို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO)အနေနဲ့လည်းအလိုမရှိဘူး” ဟု PYO မှတာဝန်ရှိသူအမျိုးသမီတစ်ဦးက ပြောသည်။
ယခုကဲ့သို့ နိုင်ငံရေးမတည်မငြိမ်ဖြစ်သည့်အချိန်မှာ တရားဝင်အစိုးရ မတင်မြောက်နိုင်သေးတာကြောင့် ပြည်သူလူထုများအတွက်အကျိုးမပြုစေသည့် မည်သည့်စီမံကိန်းများမဆို ရပ်တန့်ရန်နှင့် အကောင် အထည်မဖော်ဆောင်ရန် လိုအပ်တယ်လို့ ၎င်းက ဆက်ပြောသည်။
အမှတ်(၂)ပင်းပက်သံမဏိစက်ရုံသည် (၂၀၀၄)ခုနှစ်တွင် မြန်မာ့စစ်တပ်ပိုင် မြန်မာစီးပွားရေးကော်ပိုရေး ရှင်းနှင့် ရုရှားအစိုးရပိုင် Tyazhpromexport (TPE)တို့က ပူးပေါင်းလက်မှတ်ရေးထိုးခဲ့ပြီး (၂၀၀၆)ခုနှစ်တွင် အကောင်အထည်ဖော်ခဲ့ကြောင်းသိရသည်။
အဆိုပါပင်းပက်စီမံကိန်းတည်ဆောက်ရန်အတွက် ဆက်စပ်မြေ (၁၁,၀၀၀)ဧကကျော်ကို လျှော်ကြေးငွေအချို့ဖြင့် အတင်းအဓမ္မသိမ်းယူခဲ့ပြီး လူနေအိမ်(၁၅)လုံးနှင့် လူဦးရေ (၅၀) ကိုလည်း ထပ်မံအတင်းအဓမ္မရွေ့ပြောင်းခံခဲ့ရကြောင်း သိရသည်။