ခမ်းသားငေါဝ်း
အောက်တိုဘာ ၃၁၊၂၀၂၃
မြောက်ပိုင်းညီနောင်မဟာမိတ်များ MNDAA ၊ TNLA နှင့်ရခိုင်တပ်မတော်( AA )တို့၏ ၁၀၂၇ စစ်ဆင်ရေး (၃)ရက်မြောက်နေ့တွင် စစ်သုံ့ပန်း(၃၇)ဦးဖမ်းစီးရရှိခဲ့ပြီး စစ်ကောင်စီတပ်စခန်း(၂၁)ခုကိုလည်း သိမ်းယူနိုင်ခဲ့ကြောင်း အောက်တိုဘာ(၃၀)ရက်နေ့ MNDAA ထုတ်ပြန်ချက်အရသိရသည်။
၁၀၂၇ စစ်ဆင်ရေး (၃)ရက်မြောက်နေ့တွင် တိုက်ပွဲအတွင်း စစ်ကောင်စီနှင့် ကိုးကန့်ပြည်သူ့စစ်ထံမှ စစ်သုံ့ပန်း(၃၇)ဦးဖမ်းဆီးရမိခဲ့ပြီး နန်ကျွမ်းပြည်သူ့စစ်အဖွဲ့များကိုလည်း ပြန်လည်စည်းရုံးပြီး လူအင်အား(၃၀)ကျော်ဖြင့် (MNDAA )၏ ပြန်လည် ဖွဲ့စည်းမှုကိုလက်ခံခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
စစ်ကောင်စီမှ (၁၀)နှစ်ကျော်ကြာ တပ်တည်ထားသည့်စခန်းကြီးများကိုလည်း တခုချင်းစီတိုက်ခိုက်သိမ်းယူ နိုင်ခဲ့ပြီး MNDAAပူးပေါင်းတပ်ဖွဲ့သည်ရန်သက်ရှမ်း(ရန်တော်စံ) တပ်စခန်းကို(၂)ရက် ဆက်တိုက် ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြရာ အောက်တိုဘာ(၂၉)ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ကိုးကန့်ပြည်သူ့စစ် (၁၇)ယောက်ချေမှုန်းနိုင်ပြီး စစ်သုံ့ပန်း(၃၂)ဦးနှင့် စစ်ပစ္စည်းများအချို့ကိုလည်းဖမ်းဆီးရမိပြီး ရန်သူဘက်မှ အချို့သည် အရပ်ဝတ်စုံဖြင့် လှဲဝတ်ကာထွက်ပြေးခဲ့ကြကြောင်း ထွက်ပြေးနေစဥ် စစ်သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိကြောင်း ဖော်ပြထားသည်။
အောက်တိုဘာ(၂၉)ရက်နေ့ တိုက်ပွဲတွင် MNDAAမှ စစ်ကောင်စီ၏ တပ်စခန်းပေါင်း(၂၁)ခုသိမ်းပိုက်နိုင်ခဲ့ပြီး အောက်တိုဘာ(၂၇)ရက်မှ (၂၉)ရက်နေ့အထိ ညီနောင်မဟာမိတ်အဖွဲ့(၃)ဖွဲ့မှ စစ်ကောင်စီ၏တပ်စခန်း စုစုပေါင်း(၆၇)ခု သိမ်းယူနိုင်ခဲ့ကြောင်း MNDAA မှ ထုတ်ပြန်ထားပါသည်။
Source-The Kokang

Leave a Reply

Your email address will not be published. Required fields are marked *