ခမ်းသားငေါဝ်း
အောက်တိုဘာ ၃၁၊၂၀၂၃
လွိုင်လင်လေးမြို့ အရှေ့ခြမ်းရှိ ကျေးရွာများတွင် တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ စစ်ကောင်တပ်မှ လက်နက်ကြီး ပစ်ခတ်မှုရှိပြီး ဒေသခံများ ထိခိုက်မှုရှိသည် ဟု KNDF/B-12 ဖော်ပြချက်အရ သိရသည်။
ကယား(ကရင်နီ)ပြည် လွိုင်လင်လေးမြို့ အရှေ့ခြမ်းရှိ ကျေးရွာများတွင် တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ တစ်ရက်အတွင်း စစ်ကောင်တပ်၏ လက်နက်ကြီး အချက် ၃၀ ထက်မနည်း ကျရောက်ခဲ့ပြီး ဒေသခံများ ထိခိုက်မှုရှိနေကြောင်း သိရသည်။
အောက်တိုဘာလ ၂၉ ရက်နေ့ နှင့် ၃၀ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လွိုင်လင်လေးအခြေစိုက် စစ်ကောင်စီတပ် ခမရ (၅၃၀)တပ်မှ ၁၂၀ မမ၊ ၈၁ မမ ဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်နေ့တွင် လွိုင်လင်လေးမြို့ ကုန်းမီကို နှင့် နန်မဟူကျေးရွာထဲသို့ လက်နက်ကြီး ၁၀ လုံးထက်မနည်း ကျရောက်ခဲ့ပြီး ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦး၊ ၁၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး နှင့် ၁၅ နှစ်အောက် ကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အရပ်သားများ ထိခိုက်မှုအပြင် ဒေသခံများ၏ နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ရကြောင်းသိရသည်။
“စစ်ကောင်စီရဲ့ အခြေစိုက်တပ်များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိဘဲ အများပြည်သူများနေထိုင်ရာ ကျေးရွာများထဲသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခက်တိုက်ခိုက်နေသလို အရပ်သားပြည်သူများအား ပစ်မှတ်ထား လက်နက်ကြီးဖြင့် ပစ်ခက်တိုက်ခိုက်မှုများကို စစ်ကောင်စီတပ်က ထပ်မံ၍ လုပ်ဆောင်နိုင်သောကြောင့် ပြည်သူများအနေဖြင့် နေ့စဥ်အထူးဂရုပြု သွားလာ ၊ နေထိုင်ကြပါရန် တိုက်တွန်းလိုပါသည်။” ဟု KNDF/B-12 မှ ပြောဆိုသတိပေးထားသည်။
စစ်ကောင်စီတပ်မှ လက်နက်ကြီးရမ်းသန်း ပစ်ခတ်မှုများ‌ကြောင့် ဒေသခံများ နှင့် စစ်ရှောင်များက စိုးရိမ်ထိတ်လန့်ဖြစ် နေရကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *