ခမ်းသားငေါဝ်း၊
အောက်တိုဘာ ၃၁၊၂၀၂၃
လွိုင်ကော်မြို့အရှေ့ဖက်ခြမ်းနှင့် အနောက်ဖက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် နေစဥ်ပစ်ခတ်နေကြောင်း ဒေသခံများ‌ ပြောပြချက်အရ သိရသည်။
ကယား (ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့ အရှေ့ဘက်ခြမ်းဒေသ နှင့် အနောက်ဘက်ခြမ်းဒေသများတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်မှ တစ်ရက်ကို ၆ ကြိမ်ထက်မနဲ လက်နက်ကြီးဖြင့် နေ့စဥ်ပစ်ခတ်နေကြောင်း သိရသည်။
ယခုကဲ့သို့ လက်နက်ကြီးပစ်ခတ်နေသည်မှာ ၂ လ ခန့်ရှိပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက ယခုလို​ပြောသည်။
“သူတို့က အချိန်အတိကျမရှိဘူး၊ ပစ်ချင်တဲ့အချိန်ပစ်တာ၊ ရမ်းသမ်းပစ်ခတ်နေကြတာ ကျနော် လွိုင်ကော်စရောက်ကတည်းက ပစ်နေတာ၊ ကျနော်ရောက်တာတော့ ၂ လရှိပြီ”ဟု ဒေသခံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
စစ်ကောင်စီတပ်မှ လက်နက်ကြီးများရမ်းသမ်း ​ပစ်ခတ်မှုကြောင့် နေအိမ်များ ထိခိုက်ပျက်စီးမှုများရှိနေပြီး အချို့နေရာတွင် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိ‌နေကြောင်း သိရသည်။
“သူတို့အဲလို ရမ်းသမ်းပစ်ခတ်နေတော့ ကျနော်တို့ဘော်လခဲဘက်မှာဆို နေအိမ်တွေပျက်စီး မီးလောင်ကုန်တယ်၊ တခြားဒေသတွေမှာဆို ပြည်သူတွေပါ ထိခိုက်ကြတယ်”ဟု ၄င်းကဆက်ပြောသည်။
စစ်ကောင်စီတပ် အင်အားအလုံးရင်းဖြင့် စစ်ကြောင်းထိုးလာမှုရှိ‌နေသဖြင့် အောက်တိုဘာ ၃၁ ရက်ကစပြီး ပြည်သူများ ထီးပေါ်ဆို- ဒေါညေးခူး လမ်းကို အသွားအလာမပြုလုပ်ကြရန်လည်း KNDF တပ်ရင်းက ထုတ်ပြန်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *