ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၊၂၀၂၃
ဒေါညေးခူကျေးရွာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု ကြောင့် စစ်ရှောင်အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ‌စစ်ရှောင်တစ်ဦး ပြောပြချက်အရ သိရသည်။
ကယား(ကရင်နီ)ပြည် ဖရူဆိုမြို့နယ် ဒေါညေးခူရွာတွင် အောက်တိုဘာလ ၃၁ ရက်နေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာအတွင်း ရိက္ခာပြန်ယူ သော စစ်ရှောင်အမျိုးသမီး ၂ ဦးထိမှန်ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“သူတို့က တောမှာ စစ်ရှောင်နေတာ ရှေ့မှာ တိုက်ပွဲ ဖြစ်ထားတာ မသိကြဘူး အဲတာနဲ့ သူတို့ ပြန်ရင်း ခုလိုကြုံသွားတာ”ဟု စစ်ရှောင်ကူညီသူတစ်ဦးက ပြောသည်။
လက်နက်ကြီးစထိမှန် အမျိုးသမီး ၂ ဦးတွင် တစ်ဦးသည် ဝမ်းဗိုက်နှင့် ခြေထောက်ထိမှန်ပြီး ပြင်းထန်ဒဏ်ရာရရှိကာ ကျန်တစ်ဦးသည် လက်တွင် အနည်းငယ်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“နှစ်ဦးစလုံး ဆေးကုသမှု ခံယူနေတယ် အိမ်၊ရွာထဲ ပြန်ရင် အကျိူးအကြောင်း သတင်းနားစွင့်ပြီးမှ ပြန်စေချင်ပါတယ်”ဟု ၎င်းကဆက်ပြောသည်။
ယခု ဒေါညေးခူရွာတွင် စစ်ကောင်စီက တပ်စွဲထားပြီး အချိန်မရွေးတိုက်ပွဲပြန်လည်ဖြစ်ပွားနိုင်သော ကြောင့် ထီပေါဆို-‌ဒေါညေးခူလမ်းကို သွားလာခြင်း မပြုလုပ်ရန်လည်း KNDF တပ်ရင်း ၁၅ က ထုတ်ပြန်သတိပေးထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *