ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၊၂၀၂၃
အမှတ်(၂)ပင်းပက်သံမဏီစက်ရုံမှ ထုတ်လုပ်သည့် ဝက်သံများကို စစ်ကောင်စီ၏ လက်နက်လုပ်ငန်းများအတွက် အသုံးပြုရန်ရည်မှန်းထားကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး၏ အောက်တိုဘာ (၃၀)ရက်နေ့ ထုတ်ပြန်ချက်တွင် ပြောဆိုထားပါသည်။
ပင်းပက်သံမဏီစက်ရုံသည် တောင်ကြီးမြို့နယ် နမ့်ဆီးအုပ်စု ပင်းပက်ဒေသတွင် တည်ရှိပြီး (၆)နှစ်ကျော်ကြာရပ်နားထားသည် စက်ရုံကို ယခုအခါ စစ်ကောင်စီက ရုရှားနှင့်ပူးပေါင်းကာ ပြန်လည်စတင်ရန် ကြိုးပမ်းလာနေကြောင်း သိရသည်။
“စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်အင်အားဖြည့်တင်းတာ လက်နက်အင်အားဖြည့်တင်းတာ အဓိက ဒီရည်ရွယ်ချက်တစ်ခုဖြစ်ပါတယ်။ အဲ့တော့ယူရေနီယမ်ကိစ္စ နျူးကလီးယားကိစ္စက သဘောတူညီချက် ပူးပေါင်းဆောင်ရွက်ချက်တွေလည်းနေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်။” ဟု ပအိုဝ်းလူငယ်အစည်းအရုံး PYO တာဝန်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ပင်းပက်သံမဏိစက်ရုံကို ပြန်လည်လည်ပတ်နိုင်ရန်အတွက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင်နျူးကလီးယားကိစ္စနှင့်ပတ်သက်၍ ရုရှားအထိစီမံကိန်းကိစ္စကို အတိအလင်းသွားပြောဆိုခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီနှင့်ရုရှားကုမ္မဏီမှ ပင်းပက်သံမဏိ စီမံကိန်းကို ယူရေနီယမ်အပါအဝင် လက်နက်ထုတ်လုပ်ရေးနှင့် ဆက်နွယ်ပြီး ပြန်လည် လည်ပတ်နိုင်ရန် ဝန်ထမ်းသစ်ခေါ်ယူခြင်းများလည်း လုပ်ဆောင်နေကြောင်း သိရသည်။
ပင်းပက်သံမဏိစက်ရုံကို စစ်ကောင်စီနှင့်ရုရှားတို့က ၂၀၀၄ ခုနှစ်တွင် စတင်လက်မှတ်ရေးထိုးကြပြီး ၂၀၀၆ ခုနှစ်တွင် အကောင်အထည် ဖော်ဆောင်နိုင်ရန် ဆက်စပ်မြေနေရာဧကပေါင်း(၁၁,၀၀၀)ကျော် ကို လျော်ကြေးတချို့ဖြင့်သာ အတင်းသိမ်းယူခဲ့ကာ ကျေးရွာလူနေအိမ်များအတင်းပြောင်းရွေ့ခဲ့ရသည်။
ယခုတွင် စီမံကိန်းပြန်လည် လည်ပတ်မည်ဆိုပါက ဆက်စပ်ဒေသခံတောင်သူများ ထပ်မံပြီးထိခိုက်နစ်နာမှု မျိုးစုံခံစားရမည်ကို မလိုလားသောကြောင့် စီမံကိန်းအားချက်ချင်းပိတ်သိမ်းရန်လိုအပ်သလို မတရားသိမ်းဆည်းထားသောမြေနေရာများကိုလည်း မူလတောင်သူများထံ ပြန်လည်ပေးအပ်ရန်နှင့် အသုံးမပြုသောမြေများကို တရားမျှတသောလျှော်
ကြေး၊ နစ်နာကြေးဆောင်ရွက်ပေးသင့်ကြောင်း PYO က ပြောဆိုထားသည်။
“ဒေသခံကတော့ ဒီနမ့်သဘက်ချောင်းကို အမှီပြုပြီးတော့မှပဲ အသက်မွေးဝမ်းကြောင်းပြုတဲ့အတွက် ဒီသဘက်ချောင်းက အဆိပ်အတောက်ဖြစ်သွားရင် ဒေသခံအနေနဲ့ လူရော တိရိစ္ဆာန်တွေပါ ပိုပြီးတော့မှ အခက်ခဲဖြစ်သွားနိုင်တယ်ပေါ့” ဟု PYO တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြု ပြောဆိုခဲ့သည်။
အာဏာသိမ်းစစ်တပ်က ရုရှားနှင့်ပူးပေါင်းပြီး သံမဏိစက်ရုံကို စီမံကိန်းပြန်လည် စတင်ရာတွင် ဒေသခံတောင်သူများအနေဖြင့် မျက်ခြေမပျက်စောင့်ကြည့်ထားရန်နှင့် အချင်းချင်းကြားလျို့ဝှက်သော ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်ထားသင့်ကြောင်း အကြံပြုခဲသည်။

Leave a Reply

Your email address will not be published. Required fields are marked *