ခမ်းသားငေါဝ်း
အောက်တိုဘာ ၃၁၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ၊နောင်တရားဒေသ နှင့် တီကျစ်ဒေသတွင် မိုးများသဖြင့် ဒေသခံတောင်သူများ စိုက်ပျိုးထားသည့်ငရုတ်သီးများ အပင်ပေါ်တွင်ပုတ်ပျက်စီးကုန်ရကြောင်း သိရသည်။
အဆိုပါဒေသမှ ဒေသခံများ၏ စားဝတ်နေရေးသည်ငရုတ်သီးစိုက်ပျိုးရေးအပေါ် တစ်ဖက်တစ်လမ်း မှီခိုနေရပြီး ယခုကဲ့သို့ ငရုတ်သီးများပျက်စီးသွားခြင်းကြောင့် အရင်းပြန်မကာမိသည့်အပြင် မိသားစုစားဝတ်နေရေးအတွက် အခက်ခဲဖြစ်စေကြောင်း ငရုတ်သီးစိုက်တောင်သူက ဆိုသည်။
“ဒီနှစ်က ဈေးကောင်းတယ်။ ဒါပေမယ့် အရင်းအရမ်းများတယ်။အရင်က မိုးကြီးလို့ အပွင့်တွေ တစ်ခါပျက်စီးပြီးပြီ။ခုသီးချိန်မှာလည်း မိုးကများတော့ပုတ်ကုန်တယ်”ဟု တီကျစ်အနောက်ဖက် နောင်ကားမှီးရွာနေ ဒေသခံတစ်ဦးက ပြောသည်။
ပင်လောင်းဒေသခံတောင်သူများသည် ငရုတ်သီးကိုကုလာအော်သီး၊ ပုံမှန်အစပ်သီး နှင့် မိုးမျှော်သီး များကို စိုက်ပျိုးကြကြောင်း သိရသည်။
“ကုလာ အော်သီးက ဈေး ၇၀,၀၀၀ ကျပ် ၊ပုံမှန်အစပ်သီးက ၁၅,၀၀၀ ကျပ် ရှိတယ်။ ဈေးတော့အရမ်းကောင်းတယ်။ ဒါပေမယ့် ရာသီဥတုကြောင့်နဲ့ထုတ်ထားတဲ့အရင်းကများတာမို့ အခုလိုပျက်စီး တော့ အရင်းတောင်ပြန်ရမလားမသိဘူး ။ ထပ်ပြီးတော့သူခိုးရန်လည်း ကြောက်ရသေးတယ်”ဟု ၎င်းက ဆက်ပြောသည်။
ပင်လောင်းဒေသသည် ယခုနှစ်တွင် မိုးများသဖြင့် ငရုတ်သီးအပြင် ဂျင်း၊ ပြောင်း၊ ခရမ်းချဉ်သီး၊ ရွှေပဲစသည်အခြားသီးနှံစိုက်ပျိုးရေးများတွင်းလည်း ပျက်စီးခဲ့ရပြီး အားလုံးလုံးနီးပါး အရှုံးပေါ် နေရကြောင်း တောင်သူများက ပြောဆိုကြသည်။