ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၊၂၀၂၃
စစ်ကောင်စီ တပ်သားများအနေဖြင့် စစ်စခန်းမှထွက်၍ အမြန်ဆုံးအလင်းဝင်လျှင် အသက်အန္တရာယ်လုံခြုံရေး အထူးအာမခံပြီး လူ့ဂုဏ်သိက္ခာ၊ စစ်သားဂုဏ်သိက္ခာ ထိခိုက်မှုမရှိအောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့မှ ထုတ်ပြန်ချက်အရသိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်နေ့တွင် ကိုးကန့် MNDAA၊ တအင်းအမျိုးသား တပ်မတော် TNLA နဲ့ ရက္ခိုင့် တပ်တော် AA မဟာမိတ်တပ်သည် စစ်ကောာင်စီလက်အောက်ခံ တပ်သားများအနေဖြင့် ရှမ်းမြောက်ညီနောင်မဟာမိတ်ထံသို့ လက်နက်အပ်၍ဖြစ်စေ၊ အလင်းဝင်ရောက်လိုသည်ဖြစ်စေ အမြန်ဆုံးအလင်းဝင်ရောက်ရန် ထုတ်ပြန်ကြေညာထားပါသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ညီနောင် ၃ ဖွဲ့အနေဖြင့် စစ်ဆင်ရေး ရည်မှန်းချက် ပြည့်မြောက်အောင် ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့်
စစ်ကောင်စီ လက်အောက်ခံများအနေဖြင့် အမြန်ဆုံး ဆက်သွယ်ပြီး လက်နက်အပ် အလင်းဝင်ကြရန်နှင့် အလင်းဝင် ရောက်လာမည့် စစ်ကောင်စီလက်အောက်ခံတပ်သားများကို လူ့ဂုဏ်သိက္ခာ၊ စစ်သားဂုဏ်သိက္ခာ ထိခိုက်မှုမရှိအောင် ဆောင်ရွက်ပေးမှာဖြစ်ပြီး မိသားစု ဆွေမျိုးများနှင့်လည်း ပြန်လည် ပေါင်းစည်းခွင့်ရအောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ထို့ပြင် လက်နက်အပ် အလင်းဝင်လာမည့် စစ်ကောင်စီတပ်သားများအတွက် နာမကျန်းဖြစ်နေသူများကို ကျန်းမာရေး စောင့်ရှောက်မှုများ အတတ်နိုင်ဆုံးကူညီ ဆောင်ရွက်ပေးသွားမည်ဟု ဆိုထားပါသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်နေ့တွင် ညီနောင် အဖအဖွဲ့အစည်းများ စစ်အင်အား ၅၀ ခန့်ရှိသည့် တပ်စခန်းတစ်ခုလုံးကို ၂ နာရီအတွင်းချေမှုန်းနိုင်သော်လည်း အချိန်မီ အညံ့ခံခဲ့ကြသောကြောင့် အသက်ချမ်းသာပေးပြီး ဘေးကင်းလုံခြုံသည့် နေရာတွင် ထားရှိခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်မှ အသက်မသေလိုဘဲ မိသားစုနှင့်ပြန်လည် ပေါင်းစည်းလိုသူများ အလင်းဝင်လာသူ ၁၀၀ ကျော် အထိရှိကြောင်း သိရသည်။
၁၀၂၇ စစ်ဆင်ရေး ၅ ရက်တာ ကာလအတွင်း စစ်ကောင်စီတပ်စခန်း ၈၀ ကျော်အပါအဝင် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သန္နီမြို့များကို အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီး စစ်ဆင်ရေး တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား အများအပြားသေဆုံး၊ ဒဏ်ရာရကာ စစ်လက်နက်ခဲယမ်းများနှင့် အသုံးအဆောင်များ သိမ်းဆည်းနိုင်ခဲ့ကြောင်း မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်ချက်အရ သိရပါသည်။