ခမ်းသားငေါဝ်း
နိုဝင်ဘာ ၃၊၂၀၂၃
ကွတ်ခိုင်တွင် တိုက်ပွားဖြစ်ပွားမှုကြောင်း ကုန်ဈေးနှုန်းများအဆမတန်မြင့်တက်ပြီး ဒေသခံများ တရက်ကို ထမင်းတနပ်သာ စားသုံးရကြောင့် ဒေသခံများပြောဆိုချက်အရ သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နှင့် ကွတ်ခိုင်မြို့နယ်ရှိကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ကုန်ဈေးနှုန်းများအဆမတန်မြင့်တက်ပြီး အလယ်အလတ်လူတန်းစားများက တစ်ရက်ကို ထမင်းတစ်နပ်သာစားသုံးနိုင်ကြသလို အခြေခံလူတန်းစားများအချို့သည် ဆန်ပြုတ်သာသောက်နေရကြောင်း သိရသည်။
“တစ်ချို့ရွာတွေမှာဆိုရင် ဆန်ပြုတ်တွေ စသောက်နေကြပြီ၊ တစ်ချို့မြို့နေလူတန်စားတွေကတော့ လျော့စားကြပြီ‌။ မနက်စာတောင်မစားတော့ဘူး တစ်ရက်ကိုတနပ်ပဲစားတော့တယ်” ဟု ကွတ်ခိုင်မြို့ ဒေသခံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ပေါ်ဆန်းမွေးဆန်အကောင်းတစ်အိတ်ကို ကျပ်(၂)သိန်း၊ (၂)သိန်းရှစ်သောင်း၊ ရှမ်းဆန်၊ ဗမာဆန် တစ်အိတ်ကို (၁)သိန်းခွဲ၊ တစ်သိန်းရှစ်သောင်း နှင့် ကြက်ဥအလုံး(၃၀)တစ်ကဒ်ကို ကျပ်(၂)သောင်းကျော်အထိ ပေးဝယ်နေရကြောင်း ပြောဆိုသည်။
“ဒီမှာတော့ဆန်တွေပါအကုန်ပြတ်ကုန်တာ၊ ရှိတဲ့လူတန်းစားတွေက ငတ်မှာကြောက်လို့အကုန်ပိတ်ဝယ် (၁၀အိတ်၊ ၁၅အိတ်၊ အိတ်၂၀)ဝယ်ထားကြတာ၊ အကုန်ဝယ်တော့ အခြေခံလူတန်းစားတွေက ဒုက္ခရောက်ကုန်တာ‌ပေါ့”ဟု ၎င်းကဆက်ပြောသည်။
စက်သုံးဆီများသည်လည်း ဝယ်သုံးရန်မရှိသလောက်ရှားပြီး ဝယ်လို့ရသည့်နေရာများတွင် ဓာတ်ဆီတစ်လီတာကို ၇၀၀၀ ကျပ်၊ ၈၀၀၀ ကျပ်အထိရောင်းကြကြောင်း သိရသည်။
(၁၀၂၇)စစ်ဆင်ရေးစတင်ပြီနောက် ရှမ်းပြည်နယ်မြောက်ပိုင်းနေရာအနှံ့တွင် တိုက်ပွဲများဖြစ်ပွားနေပြီး တစ်ဖက်တွင်လည်း လမ်းပိတ်ဆို့မှုများနှင့် ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသောကြောင့် ကုန်ဈေးနှုန်းများလည်း တဟုန်ထိုးတက်သွားခဲ့ရကြောင်း ‌ဒေသခံများက ပြောဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *