ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၄၊၂၀၂၃
ရွာငံ-ရေဦးလမ်း‌ပေါ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ပြည်သူများကို ရိုက်နှက်စစ်ဆေးမှုများရှိနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ် ရေဦးကျေးရွာတွင် အောက်တိုဘာ ၂၁ ရက်နေ့က ယုံဗွေကွမ်းသီးခြံမှ ပြန်လာသော စစ်ကောင်စီယာဥ်တန်းများကို DPLF အဖွဲ့မှမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ဆေးရေးဂိတ်များချထားပြီး လမ်းသွားလမ်းလာပြည်သူများအား ရိုက်နှက်စစ်ဆေးပြုလုပ်ခဲ့ကြောင်း သိရသည်။
ယနေ့ အောက်တိုဘာ ၂၄ ရက်နေ့တွင်လည်း ဒေသခံအမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးကို သေနတ်ဖြင့် ခြိမ်းခြောက်ခြင်း၊ ခြေထောက်ဖြင့် ဝိုင်းကန်ခြင်း ထိုသို့စစ်ဆေးခြင်း ခံခဲ့ရကြောင်း ယခုလိုပြောသည်။
” ကျနော့်တို့ လင်မယားနှစ်ယောက်က နေမကောင်းလို့ ရေဦးထဲဆေးခန်းသွားပြတာ လမ်းမှာစစ်ဆေးနေတဲ့ စစ်သားတွေက ကျနော့ကို ခြေထောက်နဲ့ ဝိုင်းကန်ကြတယ်၊ ကျနော့မိန်းမကိုလည်း သေနတ်ဖြင့် ရင်ဝကိုတေ့ပြီး ခြိမ်းခြောက်တယ်”ဟု အစစ်ဆေးခံရသည့် ဒေသခံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ကျေးရွာအတွင်း သွားလာရာတွင် ယခုကဲသို့ စစ်ကောင်စီဂိတ်ချပြီး စစ်ဆေးမှုကြောင့် ဒေသခံများအနေဖြင့် သွားလာရမလွတ်လပ်ဘဲ ကြောက်လန့် နေရကြောင်း ပြောဆိုသည်။
စစ်ဆေးခံရသည့် အမျိုးသားတစ်ဦးကလည်း “ကျနော်က ရွာကိုပြန်တာ အဲဒါကို စစ်ကောင်စီဂိတ်က စစ်သားတွေ ကျနော့်ကိုဘယ်သွားမလဲ ဘယ်ကပြန်တာလဲနဲ့ စစ်မေးပြီး ခြေထောက်နဲ့ဝိုင်းကန်တယ်”ဟု ပြောသည်။
ယခုလက်ရှိတွင် စစ်ကောင်စီတပ်များသည် ဒေသခံများ၏ အဓိကအသုံးပြုနေသည့် လမ်းများတွင်စစ်ဆေးမှုများတင်းကြပ်နေပြီး ဒေသခံများအနေဖြင့် သွားလာရသည်မှာ လုံခြုံမှုမရှိကြောင်းနှင့် အမြဲတမ်းစိုးရိမ်နေရကြောင်း အမျိုးသမီးတစ်ဦးကလည်း ပြောဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *