ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၂၊ ၂၀၂၃
ယုံဗွေကွမ်းသီးခြံအပြန် မိုင်းဆွဲတိုက်ခိုက်ခံရ သည့် စစ်ကောင်စီ ယာဥ်တန်း သေဆုံးသူ စုစုပေါင်း ၇ ဦးထိရှိကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရွာငံမြို့နယ် ဘော်ရေဦးကျေးရွာနှင့် သိမ်ကုန်းကျေးရွာလမ်းကြားပိုင်းတွင် စစ်ကောင်စီယာဥ်တန်းကို အောက်တိုဘာလ ၂၁ ရက် နံနက်ပိုင်းက ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦးDPLF မှမိုင်းဆွဲတိုက်ခိုက်ခံခဲ့သည်ဟုသိရသည်။
ယာဥ်တန်းတွင်ပါလာသည့် တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ကြပ်မျိုးမင်းသူသည် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ရွာငံမြို့နယ်ပြည်သူ့ဆေးရုံ၌ ၂ ဦးနှင့် အောင်ပန်းကုတင် ၇၀၀ ၌ ၄ ဦးပြင်းထန်ဒဏ်ရာဖြင့် ထပ်မံသေဆုံးသည်ဟုပြောဆိုထား သည်။
” မိုင်းကသုံးလုံးပဲဆွဲတာ ခွေးကားတစ်စီးက လုံးဝပျက်သွားတယ် အိမ်စီးကားလို ကားအငယ်၂ စီးလည်းပါတယ် နောက်ဆုံးစစ်ကားတစ်စီးက ပျူစောထီးကား” ဟု DPLF ၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ခမ်းသားငေါဝ်း သို့ ပြောသည်။
စစ်ကောင်စီယာဥ်တန်းကားစုစုပေါင်းခြောက်စီးသွားလာနေသည့်အပြင် ကားတစ်စီးတွင် တိုက်ခိုက်ရေးစစ်သား (၅)ဦးဝန်းကျင်ပါရှိနေကြောင်း၎င်း ဆက်ပြောပါသည်။
ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ ပြီးနောက် အများပြည်သူအသုံးပြုနေသည့်အဆိုပါလမ်းမကြီးအား ပိတ်ထားပြီးစစ်ကောင်စီက စစ်ဆေးမှုများ တင်းတင်းကြပ်ကြပ်ပြုလုပ်နေကြောင်းသိရသည်။
ဓနုပြည်သူလွတ်မြောက်ရေးတပ်ဦး DPLF ဖွဲ့စည်းကြောင်းတရားဝင်ကြေညာပြီးနောက် စစ်ကောင်စီတပ်တို့နှင့် ပြီးခဲ့သည့်စက်တင်ဘာလ ၂၆ ရက်ကရပ်စောက်မြို့နယ် အလယ်ချောင်ကျေးရွာအနီးတွင်တစ်ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။
#PPV-006

Leave a Reply

Your email address will not be published. Required fields are marked *