ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၄၊၂၀၂၃
မြန်မာနိုင်ငံလုံးဆိုင်ရာ နာဂပုရသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲ တတိယအကြိမ်မြောက်ကို ဟိုပုံးမြို့၌ တန်ဆောင်မုန်းလဆန်း (၁)ရက်နေ့တွင်စတင်ကျင်းပမည်ဟု ဦးဇင်းဣန္ဒာစာရာလင်္ကာရ ပြောပြချက်အရ သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နာဂပုရသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲ တတိယအကြိမ်မြောက်ကို ရှမ်းတောင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ နောင်တောင်းပရဟိတတပ်ဦး ဘုန်းတော်ကြီးကျောင်းတိုက်တွင် တန်‌ဆောင်မုန်းလဆန်း(၁) ရက်နေ့မှ (၃)ရက်နေ့အထိ(၃)ရက်ဆက်တိုက် ကျင်းပမည်ဖြစ် ကြောင်း သိရသည်။
တန်ဆောင်မုန်းလဆန်း(၆)ရက်နေ့တွင် စာအောင်သံဃာတော်များအား ဆုချီးမြင့်ပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နာဂပုရသာသနာလင်္ကာရ သာမ‌ဏေကျော်စာမေးပွဲကို ယခင်နှစ် နှင့် ယခုနှစ်တွင်သာ ကျင်းပရသေးပြီး ပထမအကြိမ်စာမေးပွဲကို ကိုဗစ်ကပ်ရောဂါကြောင့် ရှမ်းပြည်နယ်လုံးဆိုင်ရာအနေဖြင့် ကျင်းပခဲ့ရကြောင်း သိရသည်။
“အခက်အခဲကတော့ ဒီလိုမျိုးကိစ္စက အခက်အခဲတွေက ရှိစမြဲ‌ပေါ့၊ အဓိကကပစ္စည်း(၄)ပါးပါပဲ၊ အဲ့ဒီဟာတွေပြည့်စုံရင်တော့ ကျန်တဲ့အပိုင်းကအဆင်ပြေပါတယ်” ဟု ဦးဇင်းဣန္ဒာစာရာလင်္ကာရက မိန့်ကြားပါသည်။
ပစ္စည်း(၄)ပါးအတွက် မတည်လှူဒါန်းမည့်အလှူရှင်ပုဂ္ဂိုလ်များပါက ယခုစာမေးပွဲအတွက် ရေရှည်ရပ်တည်ကျင်းပနိုင်မှာဖြစ်ပြီး ယခင်နှစ်က မြို့နယ်စုံမှ အလှူရှင်များ စုပေါင်းလှူဒါန်းကြသောကြောင့် အဆင်ပြေမှုရှိခဲ့ကြောင်းသိရသည်။
“ဒီနှစ်ကစစရာရာ စာရွက်စာတမ်းတွေကအစ အကုန်ဈေးကြီးတော့ ဦးဇင်းတို့အနေနဲ့က ပစ္စည်း(၄)ပါးကိစ္စ စိတ်ချရရင်တော့ စိတ်ပူစရာက မရှိတော့ဘူး” ဟု ဦးဇင်းကဆက်လက်မိန့်ကြားခဲ့သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နာဂပုရသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲကို အနယ်နယ်အရပ်ရပ်မှ သံဃာတော်များနှင့် သီလရှင်ဆရာလေးများ လာရောက်ဖြေဆိုကြပြီး စာဖြေသံဃာစုစုပေါင်း (၁၉၄၇)ပါးရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *