ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၅၊၂၀၂၃
ရှမ်း-ကယား(ကရင်နီ)ပြည်နယ်စပ်ရှိ မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်က ဒေသခံလူငယ်များကို ဖမ်းဆီးပြီး ယနေ့ချိန်ထိ အဆက်သွယ်မရသေးကြောင့် ဖမ်းဆီးခံရသူနှင့် နီးစပ်သူတစ်ဦးပြောပြချက်အရသိရသည်။
စက်တင်ဘာလ ၁၆ ရက်‌နေ့တွင် စစ်ကောင်စီတပ်က ဖုန်းနှင့် ဖုန်းထဲအသုံးပြုသည့် လူမှုကွန်ယက် ဖေစ်ဘုတ် များကို စစ်ဆေးပြီး ဒေသခံလူငယ် ၅ ဦး ကို ခိုင်လုံသည့်အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခေါ်သွားခဲ့ကြောင်း သိရသည်။
“ဖုန်းမက်ဆေ့မှာ စာတွေ့တယ်ဆိုပြီးဖမ်းသွားတယ်။သူကအသက်၂၀ တောင်မပြည့်သေးဘူး။ဘာမှလည်းမလုပ်တတ်သေးဘူး။ ကလေးဘဲရှိသေးတယ်။ဖမ်းတဲ့အချိန်မှာသူ့အဖေကို မီးဖိုခန်းမှာနေခိုင်းပြီးဖမ်းသွားတာ။ မျက်လုံးကိုအဝတ်နဲ့အုပ်ပြီးကားပေါ်တင်ဖမ်းသွားတယ်”ဟု ကိုယ်တိုင်မြင်တွေ့ရသူဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
စစ်‌ကောင်စီတပ်က ဖမ်းဆီးသွားသည့် လူငယ် ၅ဦးနှင့် ယနေ့အချိန်ထိ အဆက်သွယ်မရရှိသေးကြောင်း ဆိုသည်။
“သေသွားပြီလားတောင်မှတ်ရတယ်။ ဖမ်းသွားတဲ့နေ့ကတည်းက အခုချိန်ထိ ဆက်သွယ်လို့မရဘူး။ဘယ်မှာ ဖမ်းထားလဲ ဆိုဒါလည်း မသိရဘူး”ဟု ဆွေမျိုးတော်စပ်သူတစ်ဦးကလည်း ပြောသည်။
မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်က တပ်သားအင်အားဖြည့်တင်းမှုရှိနေပြီး မြို့ရွာပတ်လည်များတွင်လည်း စောင့်ကြည့်ထားကြောင်း ၎င်းက ဆက်ပြောသည်။
ကမ္ဘာပေါ်ရှိ အင်တာနက်လွတ်လပ်ခွင့် ဖိနှိပ်မှု အချိုးဖောက်ဆုံးနိုင်ငံများတွင် တရုတ်ပြီးပါက မြန်မာနိုင်ငံသည် ဒုတိယအဆိုးဆုံးနိုင်ငံဖြစ်ကြောင်း အမေရိကန်အခြေစိုက် Freedom House အဖွဲ့၏ ၂၀၂၃ အောက်တိုဘာလ ၄ ရက်နေ့အစီရင်ခံစာဖော်ပြချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *