ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၁၊၂၀၂၃
ကယား(ကရင်နီ)ပြည် ၊ဖရူဆိုမြို့နယ်၊ဒေါ့ညေးခူရွာ တောင်သူတစ်ဦးသည် မြေပဲနှုတ်နေစဉ် မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။
အောက်တိုဘာ ၂၀ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး အဆိုပါဒေသခံတစ်ဦးသည် စစ်ရှောင်ရာကနေ အိမ်ပြန်လာပြီး စိုက်ပျိုးထားသည့် တောင်ယာခြံစိုက်ခင်းများကို ပြန်သိမ်းနေရင်း မိုင်းနင်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့တယ်။ ခြေထောက်တစ်ဖက်ပြတ်တယ်။ လက်နဲ့မျက်နှာလည်းမိုင်ကွဲစ တွေ ယမ်းတွေ ထိလို့ ပြင်းထန်ဒဏ်ရာရတယ် “ဟု စစ်ရှောင်အရေး ကူညီနေသူတစ်ဦးက ပြောသည်။
မိုင်းနင်းမိသူသည် အသက် ၃၃ နှစ်အရွယ်ရှိပြီး အသက်၂ နှစ်အရွယ်ကလေတစ်ဦးးနှင့် လသာအရွယ်ကလေးတစ်ဦး မိသားစုဝင်များရှိကြောင်း ဆသိရသည်။
“စစ်ရှောင်စခန်းမှာ စားဝတ်နေရေးအရမ်းခက်ခဲလို့ စားဝတ်နေရေး အဆင်ပြေဖို့ စစ်ရှောင်အများစုက ကိုယ်အိမ်ကို စိုက်ပျိုးရေး ပြန်လုပ်ကြတယ်။ ပြန်တဲ့အချိန်မှာ ယခုလိုမျိုး ကြုံရတော့လည်း အရမ်းစိတ်မကောင်းဖြစ်ရတယ်”ဟု ၎င်းက ဆက်ပြောသည်။
ယခုမိုင်းနင်းမိသည့် ဒေသတစ်ဝိုက်တွင် ပြီးခဲ့သည့် ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများက တိုက်ပွဲပြင်းထန်ခဲ့ပြီး မြေမြုပ်မိုင်းများကို ထောင်ထားခြင်းဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ပထမ ၇ လအတွင်းတွင် မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၁၂၁ ဦးရှိပြီး၊ဒဏ်ရာရရှိသူ ၅၂၉ ရှိကြောင်း UNICEF အဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါအရေအတွက်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ယခုနှစ် ၇ လအတွင်းသည် ယခင်နှစ်ထက် ၁၆၇ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း UNICEF အဖွဲ့က ထုတ်ပြန်ထားသည်။