ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၆၊၂၀၂၃
ဖယ်ခုံမြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်ကောင်စီမှလက်နက်ကြီးပစ်ခတ်မှုများရှိ‌နေသဖြင့် ဒေသခံများစပါးရိတ်သိမ်းရန်မသွားရဲပဲ စပါးပင်များပျက်စီးမည်ကို စိုးရိမ်ရကြောင်း ဒေသခံများထံမှ သိရပါသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ ကျေးရွာများတွင် အောက်တိုဘာလလောက်မှစပြီး တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုများရှိ‌နေသောကြောင့် ဒေသခံများ တောင်ယာသို့မသွားရဲသဖြင့် စပါးရိတ်သိမ်းရန်အခက်ခဲရှိနေကြောင်း သိရသည်။
ဖယ်ခုံ အခြေစိုက် ခမရ (၃၃၆) နှင့် မိုးဗြဲ ရေကာတာ အခြေစိုက် ခမရ (၄၂၂) တပ်က နေ့စဥ် ၃ ကြိမ်ထက်မနည်း တောင်ယာစိုက်ခင်းများထဲသို့ ပစ်ခတ်နေသဖြင့် စိုက်ခင်းထဲကျရောက်ပေါက်ကွဲမည်ကို စိုးရိမ်ရ ကြောင်း ‌ ဒေသခံတစ်ဦးက ယခုလိုပြောဆိုသည်။
“စပါးက ရိတ်သိမ်းလို့ရနေပြီ သူတို့ကလက်နက်ကြီးတွေနဲ့တောင်ယာထဲကို ရမ်းသမ်းပစ်နေတော့ မသွားရဲဘူး။ မတော်လို့ ကိုယ်စပါးရိတ်နေချိန် ပေါက်ကွဲပြီး ကိုယ့်ကို လာမထိဘူးလို့ မပြောနိုင်ဘူးလေ” ဟု အမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
စပါးရိတ်သိမ်းရန် အဆင်မပြေသည့်အတွက် စားဝတ်နေရေးအခက်ခဲ ဖြစ်မည်ကိုလည်း စိုးရိမ်ရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။
အမျိုးသမီးတစ်ဦးကလည်း “စပါး ရိတ်သိမ်းလို့လည်းမရ၊ဆန်ကလည်းစားဖို့တောင် သိပ်မကျန်တော့ဘူး၊ ကိုယ်စားဖို့ တပိုင်တနိုင်လေးစိုက်ထားတယ်။ သူများလိုလည်းဝယ်စားဖို့ မတတ်နိုင်ဘူးလေ၊ ဆန်တွေရှားပြီးစားဖို့မရှိမှာကြောက်တယ်”ဟု ပြောသည်။
ယခုကဲ့သို့ လက်နက်ကြီးများ ဆက်လက်ပစ်ခတ်နေပါက စပါးပင်များပျက်စီးလာနိုင်ပြီး စပါးပင်များသည် ၇ ရက်အတွင်းမရိတ်သိမ်းနိုင်ပါက အပင်ဆွေးကာ ရိတ်သိမ်း၍ မရ‌ကြောင်း အဆိုပါအမျိုးသမီးက ဆက်ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်း လွိုင်ကော်မြို့နယ်တွင်တောင်ယာစိုက်ခင်းသွားသည့် အမျိုးသမီးတစ်ဦး သည် စစ်ကောင်စီ ထောင်ထားသည့် မြေမြုပ်မှိုင်း နင်းမိရာမှ အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *