ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၄၊ ၂၀၂၃
ဖယ်ခုံမြို့နယ် အနောက်ဖက်ရှိ ဒေသခံများသည် တေင်ယာသွားရာတွင် စစ်ကောင်စီ၏ လက်နက်ကြီး နှင့် မြေမြုပ်မှိုင်းအန္တရာယ်များကို စိုးရိမ်နေရသည် ဟု ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ ဒေသခံများသည် တောင်ယာသို့သွားရန် စစ်ကောင်စီ၏ လက်နက်ကြီး နှင့် မြေမြုပ်မှိုင်းအန္တရာယ်များကို စိုးရိမ်ကြောက်လန့်နေရကြောင်း ဒေသခံတစ်ဦးက အောက်တိုဘာလ၂၄ရက်နေ့တွင် ပြောသည်။
ဖယ်ခုံမြို့ အနောက်ဖက်ရှိ ဒေသခံများသည် တောင်ယာသွားနေရင်း အလုပ်လုပ်နေစဉ် စစ်ကောင်စီ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများကြောင့် ထွက်ပြေးရသည့်ဖြစ်စဉ် မကြာခန ကြုံ တွေ့ရကြောင်း သိရသည်။
” အလုပ်လုပ်ရတာ စိတ်ကမဖြောင့်ဘူး ဘယ်ချိန် လက်နက်ကြီး ကိုယ်ခေါင်းရောက်ကျလာမလဲပေါ့ ပြီးရင်လေယာဉ်သံကြားပြီဆို ချက်ချင်း ပြေဝပ်တယ် အရမ်းကြောက်ရတယ်။”ဟု ခေါင်အိကျေးရွာဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် တောင်ယာသွားစဉ် စစ်ကောင်စီတပ်မှ အကြောင်းမဲ့ပစ်သတ်ခြင်း၊ ဖမ်းဆီးသွားခြင်းနှင့် မြေမြုပ်မှိုင်းနင်းမိပြီး သေသွားခြင်းများလည်း မကြာခန ကြုံတွေ့နေရကြောင်း ၎င်းက ဆိုသည်။
“တိုက်ပွဲဖြစ်တဲ့ နေရာဆိုရင် မြေမြုပ်မှိုင်းရှိပြီ တိုက်ပွဲပြီးသွားရင်လည်း ဘယ်အဖွဲ့မပြန်မရှင်းဘူး။ နောက်မှဒေသခံတွေ ကိုယ်အိမ်ကိုယ်ယာဆီ ပြန်လာ‌တော့ ဒေသခံတွေဘဲ နင်းမိတာကြတာ”ဟု အဆိုပါဒေသခံက ဆက်ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ၂၂ ရက်နေ့တွင်လည်း ကုန်ဆုံရွာဒေသခံတစ်ဦးသည် ပြောင်းခြံသို့သွားစဉ်တွင် စစ်ကောင်စီတပ်သားများက ပစ်သတ်မှုဖြစ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *