ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၇၊၂၀၂၃
ဒီမော့ဆိုအနောက်ဘက်ခြမ်း ဒေါရောက်ခူးစစ်ရှောင်စခန်းတွင် စစ်ရှောင်များအတွက် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်‌နေကြောင်း စစ်ရှောင်တစ်ဦး‌က အောက်တိုဘာ ၂၆ ရက်နေ့တွင် ပြောသည်။
အဆိုပါ စစ်ရှောင်စခန်းတွင် လူဦးရေ ၅၀၀၀‌ ကျော်ရှိပြီး စစ်ရှောင်ကာလကြာလာသည်နှင့်အမျှ အလှူရှင်များလျော့နည်းလာ၍ စားနပ်ရိက္ခာများလည်း လုံလောက်မှု မရှိကြောင်း သိရသည်။
“ကျွန်တော်တို့မှာ ဘာမှလုံလုံလောက်လောက်မရှိ‌ တော့ဘူး။ ဆန်၊ ဆီ၊ ဆား၊ အသုံးဆောင်၊ ဆေးဝါးကအစ လုံလောက်မရှိဘူး။ အကုန်လုံးလိုအပ်‌နေတယ်” ဟု စစ်ရှောင်တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
လက်ရှိကာလတွင် စစ်ကောင်စီတပ်က လမ်း‌များကိုပိတ်ဆို့ထား‌သောကြောင့် စားနပ်ရိက္ခာနှင့် ဆေးဝါးများ သယ်ယူပို့‌ဆောင်ရန် အခက်ခဲများရှိနေကြောင်း သိရသည်။
“တစ်ချို့မိသားစုတွေဆို ထမင်းသုံးနပ်မစားရဘူး။တစ်နေ့ကို နှစ်နပ်‌ဘဲစားရတယ်။ ဝင်ငွေလည်းမရှိဘူးလေ။ ရှိတာလေးနဲ့မငတ်အောင် မျှစားနေရတယ်” ဟု ၎င်းက ဆက်ပြောသည်။
စစ်ရှောင်စခန်းတွင် ကလေးငယ်နှင့်သက်ကြီးရွယ်အိုအများဆုံးရှိပြီး စားနပ်ရိက္ခာများ နှင့် ကျန်းမာရေးစောက်ရှောက်မှုလည်း လိုအပ်နေကြောင်း ဆိုသည်။
နိုင်ငံရေးမတည်ငြိမ်မှု နှင့် စစ်ရေးအခြေအနေက ပိုကြာရှည်လာသည်နှင့်အမျှ စစ်ရှောင်များ၏ အခန်းကဏ္ဍသည်လည်း ပိုမိုခက်ခဲလာပြီး စားဝတ်နေရေး အပြင် လူငယ်ပညာရေးအတွက်လည်း ပိုမိုဆိုးဝါးလာနိုင်ကြောင်း စစ်ရှောင်တစ်ဦးက ပြောဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *