ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၁၊၂၀၂၃
ဒီမော့ဆိုအနောက်ဘက်ခြမ်း ဒေါရောက်ခူးစစ်ရှောင်စခန်းတွင် တုတ်ကွေးရောဂါဖြစ်ပွားမှုများပြီး ကူးစက်မှုနှုန်းမြန်သဖြင့် စာသင်ကျောင်းပိတ်ထားရကြောင်း စစ်ရှောင်ဆရာမတစ်ဦးပြောပြချက်အရ သိရသည်။
ယင်းစစ်ရှောင်စာသင်ကျောင်းကိုအောက်တိုဘာလ ၁၈ ရက်နေ့ကစပြီး အောက်တိုဘာလ၂၃ ရက်ထိ ရောဂါကြောင့် ယာယီပိတ်ထားကြောင်း သိရသည်။
” စာသင်ကျောင်းမှာ ဆရာရော၊ ကလေးရောဖျားကြတယ်။ တစ်ချို့အတန်းဆိုကလေးက သုံးယောက်နဲ့ တစ်ကျောင်းလုံးမှာ ၁၅ ဦးတောင်မရှ်ိဘူး။အကုန်ဖျားကြတာ။ “ဟု စစ်ရှောင်ဆရာမတစ်ဦးက ပြောသည်။
ယခုနှစ်တွင် ကျောင်းသူ/သားများ မကြာခဏဖျား နေသဖြင့် ကျောင်းစာများ ကောင်းကောင်းမလုပ်နိုင်မည်ကိုလည်း စိုးရိမ်ရကြောင်း ၎င်းက ဆက်ပြောဆိုသည်။
“ခုကပထမနှစ်ဝက် စာမေးပွဲ ဖြေနေကြပြီ ကလေးတွေဖျားကြတော့ တစ်ချို့အတန်းက မဖြေရသေးဘူး။ စာတွေမလုပ်နိုင်မှာလည်းစိုးရိမ်ရဒါပေါ့ “ဟု စစ်ရှောင်ဆရာမတစ်ဦးက ဆက်ပြောသည်။
အဆိုပါ စစ်ရှောင်စခန်းရှိစာသင်ကျောင်းသည် စစ်ရှောင်များမှ ကိုယ်ထူကိုယ်ထဖွင့်လှစ်ထားသည့်ကျောင်းဖြစ်ပြီး စာသင်ကြားပေးသည့်ဆရာ /ဆရာမ ၉ ဦးနှင့် ကျောင်းသား/သူ ၆၀ ကျော်ရှိကြောင်း သိရသည်။
ဒီမော့ဆိုအနောက်ဘက်ခြမ်း ဒေါရောက်ခူးစစ်ရှောင်စခန်းတွင် လူဦးရေ ၅၀၀၀ ကျော်ရှိပြီး ၄၀၀၀ နီးပါးက ရာသီတုတ်ကွေးဖြစ်ပွားကြပြီး ဆေးဝါးများလည်း လုံလောက်မှုမရှိကြောင်း သိရသည်။