ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၂၊ ၂၀၂၃
ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် အသက် ၂၃ နှစ်အရွယ် ပအိုဝ်းလူငယ်တစ်ဦးသည် မီးကြိုးနှင်းမိရာမှ ဓာတ်လိုက်သေဆုံးသွားကြောင်းသိရသည်။
ဖြစ်စဉ်သည် အောက်တိုဘာလ(၂၀)ရက်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် ဆေးသုပ်ခြင်း အလုပ်လုပ်နေစဉ် မီးကြိုးမှတစ်ဆင့်ဓာတ်လိုက် သေဆုံးခဲ့ရ​ခြင်းဖြစ် ကြောင်းသိရသည်။
“အဓိကကတော့ ကိုယ်တိုင်ကဂရုစိုက်ရမယ်။ တခုခုဖြစ်ရင်ဘာမှမတတ်နိုင်ဘူး၊ များသောအားဖြင့်အထောက်ထားမစုံလင်တဲ့သူဆို အဲလိုအလုပ်လုပ်လို့ တခုခုဖြစ်ရင် ဘာတာဝန်ယူမှုတွေ တာဝန်ခံမှုတွေမရှိဘူး။ ရှိတဲ့နေရာကအနည်းစုပေါ့ ပြောချင်တာက ဘာအလုပ်ပဲလုပ်နေပါစေ သတိ ဝီရိယရှိဖို့ပေါ့”ဟု ထိုင်းရောက်လူငယ်အမျိုးသမီး တစ်ဦးကပြောသည်။
ယင်းဓာတ်လိုက်သေဆုံးသွားသည့် ပအိုဝ်းလူငယ်သည် တောင်ကြီးမြို့နယ် ဖောင်တော်ဆိုက်အုပ်စု ထီဖောင်းထာပူးထိုကျေးရွာ၌ နေထိုင်သူ ခွန်ထွန်းချစ်(ခ)ခွန်ထွန်းရက်ဖြစ် ကြောင်းသိရသည်။
ထိုင်းနိုင်ငံရောက်သွားသည့် တိုင်းသားလူငယ်များသည် အလုပ်ခွင့်မှ ဖြစ်ပွားသည့်မတော်တဆမှုကြောင့် ထိခိုက်သေဆုံးရသူ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အထူးသတိပြုအလုပ်လုပ်ကြရန်လိုအပ်ကြောင်း ထိုအမျိုးသမီးက ပြောသည်။
သေဆုံးခဲ့ရသည့် ခွန်ထွန်းချစ်(ခ)ခွန်ထွန်းရက်သည် ထိုင်းရောက် ပအိုဝ်းတိုင်းရင်းသားပရဟိတအဖွဲ့များက ယနေ့အောက်တိုဘာ၂၂ရက်နေ့ နေ့လည်၁နာရီချိန်တွင်မီးသဂြိုလ်မှုပြုပေးခဲ့ကြောင်းသိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပြည်တွင်း အလုပ်အကိုင် အခွင့်အလှမ်းနည်းပါးပြီး လူငယ်များပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်သူအများအပြားရှိနေ ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *