ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၅၊၂၀၂၃
တောင်ကြီးမြို့တောင်ဘက်ရောက် ကရင်နီ​ပြည် စစ်ရှောင်များ၏ ကိုယ်ထူကိုယ်ထ ပညာရေးကျောင်းဆောင်များနှင့် ဘာသာရေးအဆောင်အဦးများကို စစ်ကောင်စီ နှင့် PNA ပြည်သူ့စစ်က ဖျက်ခိုင်းကြောင်း စစ်ရှောင်တစ်ဦး ပြောပြချက်အရ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ထီဖောင်းကျေးရွာအုပ်စု တစ်နေရာတွင် ရောက်ရှိသည့် ကရင်နီစစ်ရှောင်များ ကိုယ်ထူကိုယ်ထ ပညာရေးကျောင်းဆောင်များနှင့် ဘာသာရေးအဆောင်အဦးများကို စစ်ကောင်စီ နှင့် PNA ပြည်သူ့စစ်က ယခင် စက်တင်ဘာလတွင် ဖျက်ခိုင်းခဲ့ကြောင်း သိရသည်။
စစ်ရှောင်များသည် ခရစ်ယာန် ဘာသာဝင်များဖြစ်ကြပြီး လူစုလူဝေးမပြုလုပ်ရန်နှင့် ဆုတောင်းရှိးခိုးခြင်းများ မပြုလုပ်ရန် စစ်ကောင်စီတပ် နှင့် PNA ပြည်သူ့စစ်က တားမြစ်ထား ကြောင်း စစ်ရှောင်များနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“ကျွန်တော်တို့က စစ်ရှောင်တွေလေ သူတို့နယ်မြေထဲ ရောက်လာတော့ သူတို့တားမြစ်ထားတဲ့အရာလည်း မလုပ်ရဲပါဘူး “ဟု စစ်ရှောင်တစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
စစ်ရှောင်များ ကိုယ်ထူကိုယ်ထဖြင့် ဖွင့်လှစ်ထားသည့် စာသင်ကျောင်းကို ပိတ်ခိုင်းပြီး စာသင်ကျောင်းဆောင်ကိုလည်း ဖျက်ခိုင်းခဲ့ ကြောင်း သိရသည်။
“အရင်က ကလေးတွေက ဒီစခန်းမှာဘဲ စာပြန်သင်တယ်။ ခုက ဒီမှာပြန်သင်လို့မရတော့ အစိုးရကျောင်း ပန်သခွား၊ ထီဗွာရွာအထိ သွားတက်ရတယ် နည်းနည်းတော့ ဝေးသွားတာပေါ့”ဟု ယင်းစစ် ရှောင်က ထပ်မံ ပြောကြားသည်။
အဆိုပါ စစ်ရှောင်စခန်းတွင် မိုးဗြဲ၊ လွိုင်ကော်၊ ဖယ်ခုံမြို့နယ်ဖက် ဒေသခံများဖြစ်ကြပြီး ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ အပါအဝင် စစ်ရှောင် ၄၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။
စစ်ရှောင်များအတွက် အလုပ်အကိုင်ရှားပါးပြီး စစ်ရှောင်ကာလ ၂ နှစ်နီးပါးရှိပြီဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *