ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၇၊၂၀၂၃
မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ၊ မြန်မာနိုင်ငံရှမ်းပြည်နယ်အထူးဒေသ(၁) အုပ်ချုပ်ရေးကော်မတီ နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်စစ်‌ရေးကော်မတီ တို့က (၁၀၂၇)စစ်ဆင်ရေးနှင့် ပတ်သက်ပြီး ပြည်သူတစ်ရပ်လုံးအတွက် အိတ်ဖွင့်စာကို ယနေ့အောက်တိုဘာ (၂၇)ရက်နေ့တွင် ထုတ်ပြန်လိုက်ပါသည်။
အိတ်ဖွင့်စာထဲတွင် တနိုင်ငံလုံးရှိပြည်သူများ၏ လိုလားချက်တစ်ခုဖြစ်သော စစ်အာဏာရှင်စနစ်အား အမြစ်ပြတ်ချေမှုန်းတိုက်ထုတ်သွားရန်၊ စစ်ကောင်စီမှ ပြည်သူလူထုများ အကြမ်းဖက်သတ်ဖြတ်နေမှုများကို ကာကွယ်တားဆီးရန်နှင့် နိုင်ငံတော်အား ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးအစရှိသည်များကို နိုင်ငံရေးလမ်းကြောင်းမှန်‌ပေါ်ပြန်လည်ရောက်ရှိလာစေရမည်ဟု ဖော်ပြထားပါသည်။
မြန်မာတနိုင်ငံလုံးရှိ တိုင်းရင်းသားပေါင်းစုံများနှင့်အတူ စစ်မှန်သောကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ဖက်ဒရယ်ဒီမိုက‌ရေစီ ပြည်ထောင်စုနိုင်ငံတော်ကြီးအား အတူတကွတည်ထောင်နိုင်ရန်ရည်ရွယ်ထားပြီး စစ်ကောင်စီနှင့်ပြည်သူ့စစ်အဖွဲ့များ ပူးပေါင်းလုပ်ဆောင်ထားသည့် နိုင်ငံတကာမှ အွန်လိုင်းလောင်းကစား လိမ်လည်မှုများကိုလည်း ဝိုင်းဝန်းးဖမ်းဆီးတိုက်ဖျက်နိုင်ရန်ဟု ဆိုထားသည်။
အထက်ဖော်ပြပါ ကိစ္စရပ်များကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်အတွက် (MNTJP/MNDAA) အနေဖြင့် ဆုံးဖြတ်ပြီး “(၁၀၂၇)စစ်ဆင်ရေး” ကို ၂၀၂၃ခုနှစ် အောက်တိုဘာ(၂၇)ရက်နေ့တွင် စတင်‌ကြောင်း ပါရှိသည်။
ယခု စစ်ဆင်ရေးကို မိဘပြည်သူလူထုတစ်ရပ်လုံးနှင့် စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြသော တော်လှန်ရေး လက်နက်ကိုင်တို့သည် ဟန်ချက်ညီညီဖြင့် ဆင်နွဲနိုင်ပြီး မဟာမိတ်တပ်ပေါင်းစုတစ်ရပ်သည်လည်း အမြန်ဆုံးဖွဲ့စည်းကာ ရှိသမျှအင်အားတပြိုင်တည်းစုစည်းအသုံးပြုနိုင်ပါက မိမိတို့၏စစ်ရေး၊နိုင်ငံရေး ရည်မှန်းချက်များကို ကျိန်းသေပေါက်အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း၊ စစ်မှန်သောနိုင်ငံတော်ကြီးသစ် တစ်ခုကိုလည်း အတူအကွတည်ဆောက်နိုင်မည်ကို အပြည့်အဝယုံကြည်ကြောင်း (MNTJP/MNDAA)၊ (PSLF/TNLA)က ထုတ်ပြန်ထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *