ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၃၊ ၂၀၂၃
သွင်းအားစုစျေး အလွန်မြှင့်တက်ခြင်းနှင့် နွေရာသီစိုက်ပျိုးသည့် အာလူးအတွက်ရေအလုံလောက်ရရှိရန် ခက်ခဲ​ခြင်းကြောင့်နောင်တရားဒေသတွင် ဘောင်ခတ် မိုးကာအုပ် ရေစက်ချ စနစ်ဖြင့် အာလူးကို စတင်စိုက်ပျိုးနေကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နောင်တရားမြို့တွင် အာလူးစိုက်ပျိုးရေးစရိတ်သက်သာစေရန် မိုးကာအုပ် ရေစက်ချစနစ်ဖြင့် စပ်းသပ်စိုက်ပျိုးနေကြောင်း အာလူးစိုက်တောင်သူတစ်ဦးထံမှသိရသည်။
“စတင်စိုက်ပျိုးဖြစ်တာကတော့ ကုန်ကျစရိတ်သက်သာအောင်ပေါ့။ ဒီလိုအစက်ချစနစ်နဲ့ စိုက်ခြင်းအားဖြင့် ၇၀ ရာခိုင်နှုန်းက အလေအလွင့်မရှိဘူး။ အရင်လို ပုံမှန်အတိုင်းစိုက်ရင်တော့ အခုအခါနဲ့ဆိုရင် အရင်းအနှီးကလည်းများတယ်ဆိုတော့ တွက်ချေမကိုင်တာမျိုးရှိတယ်။ “ ဟု အာလူးစိုက်တောင်သူတစ်ဦးမှပြောသည်။
ယခင်နှစ်နွေရာသီတွင် အာလူးကို ရေပန်းဆင်စနစ်ဖြင့် စိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် ရေပန်းဆင်ရန်အတွက် ပိုက်ဈေးမြှင့်မားခြင်း၊ လုပ်သားစရိတ်မြှင့်မားခြင်း နှင့် ဒီဇယ်ဈေးနှုန်း မြှင့်မား​ခြင်းကြောင့် ဘောင်တင်၊ မိုးကာအုပ်၊ ရေအစက်ချစနစ်ဖြင့် စမ်းသပ် စိုက်ပျိုးလာကြကြောင်းသိရ သည်။
ထိုအစက်ချ စနစ်များကို တောင်သူများကအကျွမ်းတဝင်မရှိသေးခြင်းနှင့် စိုက်ပျိုးရေးနှင့်ပတ်သက်သည့် အသိပညာမရရှိသေးခြင်းကြောင့် အချို့တောင်သူများသည် စိုက်နေကျပုံစံအတိုင်းသာ စိုက်နေဆဲ ဖြစ်ကြောင်း ၄င်းမှဆက်ပြောသည်။
“ အခုက သူတို့က စိုက်ချင်တယ် စိုက်လည်းမစိုက်ရဲကြဘူးပေါ့။ ဘာလို့ဆိုရင် အာလူးက အရင်းအနှီးအရမ်းများတယ်။ တကယ်လို့ ရှုံးရင် ပြန်ထလာဖို့က မလွယ်ကူဘူးလေ။ အဲတာကြောင့် ကျွန်တော်တို့အနေနဲ့ တိကျသေချာတဲ့အချက်အလက်နဲ့ပေးနိုင်ရင်တော့သူတို့အနေနဲ့ ယုံကြည်ပြီး စိုက်လာမယ်လို့မြင်ပါတယ်” ဟု အာလူးစိုက်တောင်သူကပြောသည်။
ရေအစက်ချစိုက်ပျိုးခြင်းအားဖြင့် အားသာချက်များမည်သို့ ရရှိမည်ကို အားလူးစိုက်တောင်သူများအား အသိပညာပေးခြင်း၊ ဟောပြောပေးခြင်း၊ လက်ကမ်းစာ စောင်များ ဖြန့်ဝေပေးခြင်းကိုတောင်သူများကလိုလားကြကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် တွင် အာလူးကိုအဓိကထားစိုက်ပျိုးလုပ်ကိုကြကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *