ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၀၊၂၀၂၃
KLFB အမည်ရှိ အွန်လိုင်းဂိမ်းသည် ဂိမ်းကစားသူလူပေါင်း(၅)သိန်းကျော်ထံမှ ငွေသိန်းပေါင်းများစွာ လိမ်လည်မှုပြုလုပ်ခဲ့ကြောင်း အဆိုပါဂိမ်းကစားသူ‌ များပြောပြချက်အရ သိရသည်။
KLFB အမည်ရှိ အွန်လိုင်းဂိမ်းသည် အောက်တိုဘာ (၁၃)ရက်နေ့ကစပြီး ဂိမ်းကစားသူများကို အကြောင်းပြချက်အမျိုးမျိုးပေးကာ ငွေလိမ်လည်မှုစတင်ပြုလုပ်ခဲ့ရာ ယမန်နေ့အောက်တိုဘာ (၁၉)ရက်နေ့တွင် ဂိမ်းအကောင့်ထဲရှိပိုက်ဆံများ ထုတ်ယူမရတော့ကြောင်း လိမ်လည်ခံရသူတစ်ဦးက ပြောဆိုသည်။
“ကျွန်တော်ဆော့တာက (၃)လတော့ရှိပြီ။ ဒီလ(၁၃)ရက်နေ့ကစဖြစ်တာ ငွေထုတ်ရင် (၄၈)နာရီကြာမယ် (၇၈)နာရီကြာတော့မယ် ဆိုပြီးပြောလာတာ အခုတော့ငွေထုတ်လို့တောင်မရတော့ဘူး၊ ” ဟု အဆိုပါ KLFB ဂိမ်းကစားသူအမျိုးသားတစ်ဦးကပြောသည်။
အကောင့်ထဲရှိပိုက်ဆံကို ပြန်ထုတ်ချင်ပါက ပိုက်ဆံရဲ့ (၅)ရာခိုင်နှုန်းပြန်ထည့်ပြီးမှ ထုတ်ရမယ်လို့ပြောတယ်၊ ကျွန်တော်ကတော့ (၁)သိန်းခွဲပါသွားတယ် ဟု ၎င်းက ဆက်ပြောသည်။
KLFBဂိမ်းသည် ဂိမ်းကစားသူများကို တယ်လီဂရမ် (Telegram Group) သီးသန့်ဖွဲ့ပေးထားပြီး သူတို့ပေးလာသည့်ဘောလုံးပွဲစဥ်များကို တစ်ရက်လျှင်(၃) ကြိမ် ထည့်ဝင်လောင်းရကြောင်း၊ အရှုံးမရှိ နေ့စဥ်အမြတ်ရနိုင်သည်ဟုဆိုကာ စဆော့သူများအနေဖြင့် (၁)သောင်းကျပ်မှစ၍ ထည့်သွင်းဆော့နိုင်ကြောင်း၊ အမြတ်ကို ထည့်ငွေ၏ ၂.၈ ရာခိုင်နှုန်းရကြောင်း အဆိုပါငွေကြေးအလိမ်ခံရသူက ဆိုသည်။
အခြား KLFB ဂိမ်းဆော့သူအမျိုးသမီတစ်ဦးကလည်း “ ဘာမှမလုပ်ပေးရဘူး ဘောလုံးပွဲတွေကိုလောင်းပေးလိုက်ရုံပဲပေါ့၊ အလာကားနေပိုက်ဆံရတယ်ပေါ့၊ တစ်ရက်ကိုဘယ်လောက်ဝင်တယ်ဆိုပြီးတော့ ဆော့တာ၊ အခုတော့(၁၂)သိန်းတောင်ပါသွားပြီ” ဟုပြောသည်။
အဆိုပါ KLFB ဂိမ်းတွင် ဂိမ်းကစားသူတစ်ယောက်သည် နောက်ထပ်ဂိမ်းကစားသူ လူအသစ် (၅)ယောက်ခေါ်နိုင်ပါက တစ်လကိုမန်ဘာကြေး (၅)သောင်းပုံမှန်ရသောကြောင့် ဂိမ်းကစားသူများသည် မန်ဘာကြေးရနိုင်ရန် အသိမိတ်ဆွေများအား ဂိမ်းမိတ်ဆက်ဆော့ခိုင်းခြင်းဖြင့် ‌လုပ်ဆောင်ကြသည်ဟု ၎င်းကဆက်ပြောသည်။
ဂိမ်းဆော့သူအချို့သည် KLFBဂိမ်းကိုယုံကြည်မှုအပြည့်ထားပြီး ခြံရောင်း၊ ကားရောင်းကာ ထိုဂိမ်းထဲ၌ ရင်းနှီးမြုပ်နှံ ထည့်ဆော့သူများလည်းရှိကြောင်း သိရသည်။
အဆိုပါဂိမ်းသည် ယခုချိန်၌ အကောင့်ထဲရှိပိုက်ဆံများကို ပြန်လည်ရယူမည်ဆိုပါက အကောင့်ထဲရှိပိုက်ဆံ၏ ၅ ရာခိုင်နှုန်း ထပ်ထည့်မှ ပြန်ထုတ်ယူနိုင်မည်ဖြစ်ကြောင်း ဂိမ်းကစားသူတစ်ဦး ပြောပြချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *