ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၈၊၂၀၂၃
ရွာငံ- မန္တ​လေးလမ်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် အတင်းအကြပ် စစ်ဆေးမှုပြုလုပ်သဖြင့် ခရီးသွားများစိတ်အနှောင့်ယှက်ဖြစ်ရကြောင်း ခရီးသွားများထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာလမ်းတွင် ခရီးသွားကားများကို စစ်ဆေးမှုများပြုလုပ်ရာ၌ စစ်ကောင်စီဂိတ်‌စောင့်များက ရှာဖွေမွှေနှောက်ကြသဖြင့် စိတ်အနှောင့်ယှက်ဖြစ်ရကြောင်း သိရသည်။
အမျိုးသမီးတစ်ဦးက ဓမ္မတာလာနေချိန်တွင် အသုံးဆောင်ပစ္စည်းများကို ခရီးဆောင်အိတ်အတွင်း ထည့်ထားစဥ် စစ်ကောင်စီဂိတ်က အိတ်သွန်ပြီးစစ်ဆေးသဖြင့် အရှက်ကွဲခဲ့ရကြောင်း ယခုလိုပြောပြထားပါသည်။
“ကျမက ရာသီလာနေတော့ အတွင်းခံကအစ ကပ်ခွာတွေကို အိတ်ထဲထည့်လာတာ လမ်းမကြီးပေါ်မှာ အကုန်သွန်ချပြီး စစ်ဆေးလိုက်တော့ အတွင်းခံတွေကအစ လမ်းပေါ်မှာ ပျံသွားတာ၊ အရမ်းရှက်ခဲ့ရတယ်”လို့ ကိုယ်တိုင်ကြုံတွေ့ရသူ ခရီးသွားအမျိုးသမီးတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ထို့ပြင် ခရီးသည်များ၏အိတ်များ နှင့်ကားပေါ်မှတင်လာသည့် ကုန်ပစ္စည်းများကို အတင်းကြပ်စစ်​ဆေးသဖြင့် ထုတ်ပိုးလာသည့်ကုန်ပစ္စည်းများ ပျက်စီးခဲ့ရကြောင်း ခရီးသည်တစ်ဦးက ဆိုသည်။
အခြားခရီးသည်တစ်ဦးကလည်း” ကျမအိမ်ကနေ ထုတ်ပိုးလာတဲ့ ဖာတွေကလည်း အကုန်ပျက်စီးသွားတယ်၊ အိတ်တွေဆိုရင်လည်း အကုန်ဖောက်ဖြဲလိုက်တော့ အထဲကပစ္စည်း‌တွေပျက်စီးကုန်ရတယ်”ဟု ပြောသည်။
ရွာငံမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင် ပြီးခဲ့သည့် စက်တင်ဘာလမှစပြီး စစ်ဆေးမှုများတင်းကြပ်လာ‌ ကြောင်း သိရသည်။
ရွာငံ-အောင်ပန်းလမ်းတွင်လည်း အလားတူ စစ်ဆေးမှုများ ပြုလုပ်နေပြီး ငွေတောင်းခံမှုများလည်း ရှိနေကြောင်း သိရှိရပါသည်။