ခမ်းသားငေါဝ်း၊
အောက်တိုဘာ ၁၉၊၂၀၂၃
ရွာငံမြို့နယ် ယုံဗွေကွမ်းသီးခြံတောတွင် စစ်ကောင်စီတပ်သား အင်အား၂၀၀ ခန့်လာရောက်တပ်စွဲထားသဖြင့် အနီးတဝိုက်ရှိဒေသခံများက ကြောက်လန့်ပြီး ခြံမသွားရဲကြကြောင်း ဒေသခံများထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ် တပင်ပျော် ကျေးရွာ၊ ငှက်သောက်ကျေးရွာအနီးရှိ ယုံ​ဗွေတော ကွမ်းသီးခြံတွင် စစ်ကောင်းစီတပ်သားများက ဒေသခံများ၏ခြံတွင် လာရောက်တပ်စွဲထားပြီး စစ်ဆေးမှုများပြုလုပ်နေသဖြင့် ခြံထဲသို့မသွားရဲကြကြောင်း သိရသည်။
စစ်ကောင်စီတပ် လာရောက်တပ်စွဲထားမှုကြောင့် ဒေသခံများ၏ခြံများတွင် လာရောက်စစ်ဆေးခြင်း ၊ ဖမ်ဆီးခြင်း၊ ပစ်ခတ်ခြင်းများ ပြုလုပ်မည်ကို စိုးရိမ်ကြရကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောဆိုသည်။
“သူတို့ကလာရောက် တပ်စွဲထားတော့ အလုပ်လဲမသွားရဲဘူး၊ ခြံသွားရင်လည်း ကိုယ့်ကိုဘယ်အချိန်ဖမ်းသွားမလဲ ဘာလုပ်ကြမလဲမသိနိုင်ဘူးလေ”ဟု ကွမ်းသီးခြံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ကွမ်းသီးခူချိန်ရောက်လာပြီဖြစ်၍ အချိန်အကြာကြီးတပ်စွဲထားမည်ကိုလည်း စိုးရိမ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“ဘယ်နရက်ကြာမလဲတော့ မသိဘူး၊ အကြာကြီးနေရင် ကွမ်းသီးမခူးရမှာ စိုးတယ်၊ ကွမ်းသီးတွေပျက်စီးသွားပြီး စျေးကောင်းမရမှာလဲစိုးတယ်”ဟုဆိုသည်။
စစ်ကောင်စီတပ်သားများ လာရောက်တပ်စွဲထားသည်မှာ ၂ ရက်ခန့် ရှိပြီး ဘာကြောင့်တပ်စွဲထားသည်ဆိုကို မသိရှိရကြောင်း ခြံပိုင်ရှင်တစ်ဦးက ပြောသည်။
အောက်တိုဘာလ ၁၅ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်သားများ နှင့် ပျူစောထီးတပ်သားများသည် ထန်းလှပင်ရွာအနီး တလုပ်ချရေတံခွန် အနီးတွင် လက်နက်ကြီးဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *