ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၈၊၂၀၂၃
ဟိုပုံးမြို့နယ်တွင် ဘိန်းအစားထိုးသီးနှံဖြစ်သည့် ဝဥ ကို စိုက်ပျိုးထားသော်လည်း ယခင်နှစ်များကဲ့သို့ဈေးကောင်းမရရှိတော့ကြောင်း ဝဥ စိုက်တောင်သူ တစ်ဦးပြောပြချက်အရ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်ရှိ စိုက်ပျိုးရေးလုပ်ကိုင်တောင်သူများသည် ဘိန်းအစားထိုးသီးနှံဖြစ်သည့် ဝဥ ကို စိုက်ပျိုးထားပြီး ယခုအခါ ဝဥ ဈေးသည် ၂၀၁၈ နှင့် ၂၀၂၂ခုနှစ်များကဲ့သို့ ဈေးကောင်းမရရှိသေး‌သဖြင့် မြေကြီးထဲ လှောင်ထားနေရကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလတွင် စက်ရုံများမှ အဝယ်မရှိသေးသည့်အတွက် ဝဥအစို တစ်ပိဿာကို ၇၀၀ ကျပ်/ ၈၀၀ ကျပ်သာ စျေးရှိခဲ့ပြီး ယခုအောက်တိုဘာလတွင် တစ်ပိဿာကို ၁၀၀၀ ကျပ်ဝန်းကျင်ရှိကြောင်း တောင်သူတစ်ဦးက ဆိုသည်။
“ စျေးမကောင်းတာရယ် ဝယ်တဲ့လူ နည်းပါးလာတာရယ်ကြောင့်မို့ မတူးဘဲ ခြံထဲ မြေကြီးထဲမှာဘဲ လောင်ထားရတယ်။ စျေးကောင်း စျေးရှိတဲ့အချိန်ကျမှ ပြန်တူးရောင်းမယ်” ဟု ဝဥစိုက်ပျိုး တောင်သူတစ်ဦးက ပြောသည်။
ဝဥပင်သည်နှစ်ရှည်ပင်ဖြစ်ပြီး ၂ နှစ်မှ ၄ နှစ်အထိ စိုက်ပျိုးရကြောင်း တောင်သူထံမှ သိရသည်။
ပင်လောင်း၊ ဟိုပုံး၊ ပေါင်းလောင်း ဒေသမှ ဝဥစိုက်တောင်သူများသည် ပွဲစားများမှတစ်ဆင့်ရောင်းဝယ်ပြီး မျိုးစေ့ကို ချင်းပြည်နယ်မှ မှာယူစိုက်ပျိုးရကြောင်း ဆိုသည်။
ပင်လောင်းမှဝဥစိုက်ပျိုး‌တောင်သူ တစ်ဦးက“ အခုချိန်ဈေးငြိမ်နေတော့ ပွဲစားတွေလည်းမဝယ်သေးဘူး။ အချို့ကျတော့ ဈေးကောင်းချိန်စောင့်နေတာပေါ့။” ဟု ပြောသည်။
ယခုနှစ်ဈေးနှုန်း နှင့် ၂၀၂၂ ခုနှစ်က ဈေးနှင့် နှိုင်းယှဉ်ပါက ဝဥပေါက်ဈေး အစိုတစ်ပိဿကို လေးရာကျပ်ခန့် ဈေးကျနေကြောင်းသိရသည်။
“ကိုဗစ်နဲ့ အာဏာသိမ်းတာကနေ နိုင်ငံရေး ပဋိပက္ခ တွေကြောင့် ယနေ့အချိန်ထိ ဝဥက စျေးကောင်း ပြန်မရသေးပါဘူး” ဟု ၄င်းက ဆက်ပြောသည်။
ယခုအခါ ဝဥကို ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ် ၊ ဧရာဝတီ ၊ ချင်းပြည်နယ် ၊ ရခိုင်ပြည်နယ် ၊ မကွေးတိုင်း နှင့် ရှမ်းပြည်နယ် များတွင် စိုက်ပျိုးလာကြကြောင်း သိရသည်။
ဝဥစိုက်တောင်သူအများစုသည် ကုန်ချောအဆင့်ထိမထုတ်နိုင်သေးသဖြင့် ကုန်ကြမ်းအဖြစ်သာ ထုတ်ရောင်းနေရကြောင်း သိရသည်။
မြန်မာနိုင်ငံထွက် ဝဥများကို တရုတ် နှင့် ဂျပန်ကို အဓိကတင်ပို့ကြောင်း သိရသည်။
ပုံ-Online

Leave a Reply

Your email address will not be published. Required fields are marked *