ခမ်းသားငေါဝ်း
‌အောက်တိုဘာ ၂၀၊၂၀၂၃
ရှမ်းတောင် ပင်လောင်းမြို့နယ်အတွင်း ရောက်ရှိသည့် စစ်ရှောင်များသည် ယနေ့အထိ တုပ်ကွေးဖြစ်ပွားသူ များပြားနေဆဲဖြစ်ကြောင်း စစ်ရှောင်အရေးကူညီသူတစ်ဦးက အောက်တိုဘာလ ၂၀ရက် နေ့တွင် ပြောဆိုသည်။
တုပ်ကွေး ဖြစ်ပွားသူအများစုသည် ခြင်ကိုက်ခြင်းနှင့် ရာသီဉတုကြောင့် ဖြစ်ပွားပြီး ရိုးရိုးတုပ်ကွေးဖြစ်ပွားသူများ နှင့် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူများရှိကြကြောင်း သိရသည်။
” မိုးစဝင်ကတည်းက တုပ်ကွေးဖြစ်ပွားလာတာ ခုထိများနေဆဲပဲ။ တစ်ချို့လူဆို တစ်ခါဖြစ်ပြီးလည်း နေက်ထပ်ဖြစ်ပွားတယ်။ ယခုနှစ် တုပ်ကွေးက အားအရမ်းပြင်းတယ် “ဟု စစ် ရှောင်အရေး ကူညီနေသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလတွင် ဝါးပြုံးကျေးရွာ၌ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုကြောင့် အသက်၂၀ ကျော် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး တစ်ရွာလုံးလည်းသွေးလွန်တုပ်ကွေးဖြစ်ပွားသဖြင့် အဆိုပါရွာ ကို အဝင်အထွက်ပိတ်ချခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။
ပင်လောင်းမြို့နယ်ရှိ အချို့‌ဝေးလံခေါင်ဖျားသည့်ကျေးရွာများသည် ကျေးလက်ကျန်းမာရေးဆေးပေးခန်းမရှိသည့်အတွက် ဆေးဝါးဝယ်ယူရန် နှင့် ကုသရန် အခက်အခဲရှိနေကြောင်း သိရသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာလကုန်အထိမြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၇၁၇ ဦးရှိပြီး သေဆုံးသူ ၇ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *