ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၈၊၂၀၂၃
စစ်ကောင်စီအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေး ငြိမ်းချမ်းရေးသဘောတူစာချုပ် NCA နှင့်ပတ်သက်ပြီး ဗန်းပြတလွဲအသုံးချနေကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောသည်။
စစ်ကောင်စီသည် NCA၏ (၈)နှစ်ပြည့်အခမ်းအနားကို မိမိသဘောဖြင့် နေပြည်တော်တွင် ပြီးခဲ့သည့်အောက်တိုဘာ (၁၅)ရက်နေ့က ခေါ်ယူကျင်းပခဲ့‌တာဖြစ်ကြောင်း ‌ ပြောဆိုသည်။
“NCAနဲ့ပတ်သက်တာ သူလုပ်ခွင့်ကိုင်ခွင့်မရှိဘူး။ သို့သော်လည်းပဲ NCAကို ဗန်းပြပြီးတော့ တလွဲအသုံးချပြီး အတုအယောင်ငြိမ်းချမ်းရေးကို ဖော်ဆောင်နေတယ်။ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတာပေါ့။ စစ်ကောင်စီက ဘာကြောင့်လုပ်တာလဲဆိုရင် သူတို့တရားဝင်မှုကို ယူချင်တယ်။ အဲ့ဒီအတွက် ဒါကိုလုပ်တာဖြစ်တယ်”ဟု ဦးခွန်မြင့်ထွန်းက ခမ်းသားငေါဝ်းကို ပြောသည်။
လက်ရှိတွင် စစ်ကောင်စီသည် တရားဝင်တပ်မတော်မဟုတ်တော့တာကြောင့် NCAနှင့်ပတ်သက်ပြီး စာချုပ်ပါ အချက်များနှင့် မူဘောင်များအတိုင်း အကောင်ထည်ဖော်ဆောင်၍ မရတော့ကြောင်း ၎င်းကဆက်ပြောဆိုသည်။
NCA စာချုပ် တည်ရှိနေသေးသော်လည်း ယင်းမှပါသည့်လုပ်ငန်းစဉ်ကြီးကို စစ်တပ်က အာဏာသိမ်းပြီး ဖျတ်ဆီးလိုက်လို့ ပျက်စီးသွားရခြင်းဖြစ် ကြောင်းလည်း ဆိုထားသည်။
လက်ရှိမြန်မာနိုင်ငံတွင် တရားဝင်အစိုးရ၊ တရားဝင်လွှတ်တော်၊ တရားဝင်တပ်မတော် မရှိတော့သည့်အတွက် NCA စာချုပ်ပါလုပ်ငန်းစဉ်များကို အကောင်ထည်ဖော်ရန်မလုံလောက်တော့ကြောင်း ပြောသည်။
NCA ငြိမ်းချမ်းရေးသဘောတူစာချုပ်ကို တိုင်းရင်းလက်နက် ကိုင်အဖွဲ့အစည်းများနှင့် ယခင်ပြည်သူ့အစိုးရတို့ကြား ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ တရုတ်၊အိန္ဒိယ၊ ဂျပန်၊ ထိုင်းစသည့် နိုင်ငံတကာများရှေ့မှောက်တွင် အသိသက်သေအဖြစ်ထားပြီး သဘောတူချုပ်ဆိုထားခဲ့ကြ‌ခြင်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *