ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၅၊ ၂၀၂၃
ယခုနှစ် စစ်ကောင်စီ ဦးဆောင်ကျင်းပသည့် အင်းလေးဖောင်တော်ဦးဘုရားဒေသစာရီကြွချီပွဲသည် ယခင်နှစ်အတိုင်း ပွဲတော်လာပြည်သူများစည်ကားနေကြောင်း ပွဲသွားသူအမျိုးသားတစ်ဦးထံမှသိရသည်။
ဖောင်တော်ဦးဘုရားသည် ယနေ့ နံနက် ၄ နာရီအချိန်၌ ဖွင့်ပွဲအခမ်းအနားစတင်ပြီး ၇ နာရီအချိန်တွင် အင်းတိန်ကြေးပေါခုံကျောင်းကို ညှဥ့်ကျိန်းနှင့်ဒေသစာရီကြွချီခဲ့ကြောင်း သိရသည်။
“ဒီနေ့ပွဲအခြေနေကတော့ ခါတိုင်းကျင်းပနေသလိုပဲ လူစည်တယ်။ မကျင်းပတာလည်း သုံးနှစ်ရှိပြီဆိုတော့ မကျင်းပတာကြားသွားလားမသိဘူး လူတော့ စည်တယ်။ သွားလာလှုပ်ရှားနေတာလည်းပုံမှန် အတိုင်းပဲ ဟိုဟာ သူတို့လုံခြုံရေးတော့ရှိတာပေါ့”ဟု ယနေ့ပွဲတော်သွားရောက်သူအမျိုးသားတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးအခြေအနေမတည် ငြိမ် မှုကြောင့် ၃ နှစ်ကြာ အင်းလေးဘုရားပွဲမကျင်းပနိုင်ပဲ ယခုနှစ် စစ်ကောင်စီဦးဆောင်ပြီး ပြန်လည်ကျင်းပဖြစ်ခဲ့ခြင်းဖြစ်ကြောင်းစုံစမ်းသိရသည်။
ယခုနှစ် ဘုရားပွဲတွင် စစ်ကောင်စီက လုံခြုံရေး တင်းတင်းကြပ်ကြပ်ချထားသော်လည်း ပြည်သူများက စိုးရိမ်မှုရှိနေဆဲဟုသိရသည်။
ဘုရားပွဲသွားသူအမျိုးသားနောက်တစ်ဦးကလည်း “ကျွန်တော်တစ်ယောက်အနေနဲ့ဆိုရင်တော့ ကိုယ့်မှာအပြစ်မရှိပေမဲ့ စိုးရိမ်စိတ်ရှိတာပေါ့။ သူတို့ကိုကြောက်နေရတဲ့အနေအထားရှိတယ်။ ဖြစ်နိုင်ရင်ပေါ့နော် အရင်က ကျင်းပနေကြအတိုင်းပဲ ကိုယ့်ရဲ့ဒေသ ကိုယ့်ရဲ့ဘုရားပွဲတော်ကို ကိုယ်တိုင်ပဲ စီိမံပြီးတော့ ဦးဆောင်ကျင်းပစေချင်တယ်”ဟုပြောသည်။
ဘာသာရေးအကြောင်းပြ နိုင်ငံရေး အမြတ်ထုတ်မှုဖြစ်သည့်အတွက် အင်းလေးဖောင်တော်ဦးဘုရားပွဲ မပြုလုပ်ရန် အင်းလေးတော်လှန်ရေးအင်အားစုများက ကန့်ကျင်ကန့်ကွက်ခဲ့ကြောင်းသိရသည်။
အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ကို ယနေ့အောက်တိုဘာ(၁၅)ရက်နေ့မှ နိုဝင်ဘာ(၁)ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ပြီး ၂၁ ဌာနကို ဒေသစာရီကြွချီမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *