ခမ်းသားငေါဝ
အောက်တိုဘာ ၁၈၊၂၀၂၃
ကယား(ကရင်နီ)ပြည် ဒီမော့ဆိုမြို့နယ်ရှိ စစ်ရှောင်များအတွက် ဆေးဝါးများ အရေးပေါ် လိုအပ်နေပြီး ဆေးမရှိသဖြင့် ရက်လွန် (သက်တမ်းကုန်)ဆေးဝါးများ အသုံးပြုနေရကြောင်း စစ်ရှောင်တစ်ဦးပြောပြချက်အရ သိရှိရသည်။
ယခုတွင် ကလေးများအပြင် လူကြီးများပါ ရာသီတုပ်ကွေး အဖြစ်များနေပြီး ဆေးကုသနိုင်ရန်နှင့် ဆေးများရရှိနိုင်ရန် အခက်ခဲများစွာရှိနေကြောင်း သိရသည်။
” အစက နည်းနည်းဘဲ ဖျားတယ်။ ဆေးတွေမရှိတော့ ဒီတိုင်းဘဲ ခံရင်း အဖျားတွေကြီးသွားတယ်။ ပြီးမှ တစ်ယောက်နဲ့ တစ်ယောက်ကူးသွားတယ်။ရာသီ‌‌တုပ်ကွေး၊ချောင်းဆိုး၊ယားနား အဲတာတွေအဖြစ်များတယ်”ဟု အသက်၃၀ အရွယ် စစ်ရှောင်အရေး ကူညီပေးနေသူတစ်ဦးက ပြောသည်။
ယင်းဒီးမောဆို မြို့နယ်တွင် စစ်ရှောင် တစ်သိန်းခွဲကျော်ရှိပြီး အများစုမှာ တော တောင်ထဲသာ ရှောင် နေရပြီး ကရင်နီပြည် စစ် ရှောင်အများဆုံးမြို့နယ်ဖြစ် ကြောင်းသိရသည်။
“ဆေးဝါးက လှူပေးတဲ့လူ ရှိပေမယ့် လုံလောက်မှုမရှိ သေးဘူး ကျန်း‌‌မာရေး စောင့်ရှောက် ပေးတဲ့လူလည်း ရှိတယ်ဆိုပေမယ့် ရွာတွေ စစ်ရှောင်စခန်းတွေ များတော့ တစ်နေရာကို ပြန်ရောက်ဖို့အရမ်းကြာတယ် “ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီအာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း ကရင်နီပြည်ရှိ ပြည်သူများသည် တောတောင်ထဲစစ်ရှောင်နေရင်း ကောင်းမွန်စွာ ဆေးကုသခွင့်မရခြင်းကြောင့် သေဆုံးရသည့် အရပ်သားပြည်သူ ၁၄၂ ဦးအထိရှိကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF ထုတ်ပြန်ချက်အရသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *