ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၇၊၂၀၂၃
နိုင်ငံသား စိစစ်ရေးကတ် (မှတ်ပုံတင်)တွင် ဗာမာအမည်မှ တိုင်းရင်းသားအမည်များကို ပြောင်းလဲလုပ်ဆောင်ရာတွင် လဝကရုံးက ထည့်သွင်းခွင့်မပြု‌ကြောင်း တိုင်းရင်းသားလူငယ်တစ်ဦးပြောပြချက်အရ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ လဝကရုံးများတွင် ပအိုဝ်းတိုင်းရင်းသားတို့၏ အမည်ဖြစ်သော ခွန်/နန်းကို နိုင်ငံသားစီစစ်ရေးကတ် မှတ်ပုံတင်တွင် ပြောင်းလဲထည့်သွင်းလို‌သော်လည်း လဝကရုံးက မပြောင်းလဲပေးဘဲ ဗမာအမည်ဖြစ်သော မောင်/မကိုထည့်သွင်းနေရသောကြောင့် တိုင်းရင်းသားလူငယ်များအတွက် အခက်အခဲဖြစ်နေရကြောင်း ပအိုဝ်းတိုင်းရင်းသားလူငယ်တစ်ဦးက ယနေ့ အောက်တိုဘာလ ၁၇ ‌ရက်နေ့တွင် ပြောဆိုသည်။
“ကျွန်တော်ကျောင်းကိစ္စနဲ့ နာမည်ပြောင်းဖို့ကြိုးစားတယ် သူတို့က အဆင့်ဆင့်လုပ်ရတယ်။ အရင်ဆုံးသတင်းစာမှာ ကြော်ညာရတယ်။ ကြော်ညာတာပဲ အခုထိမရဘူး။ သူတို့က ပိုတ်ဆံလိုချင်တာ ကျွန်တော်နာမည်ရှေ့မှာ မောင် ဆိုတဲ့ နေရာမှာ ခွန် ကို ပြောင်းချင်တာ။ အဲ ၄ သိန်း ၅သိန်းပေးရမယ်ဆိုတော့ မပြောင်းဖြစ်လိုက်ဘူး။ ပညာရေးမှာအခက်အခဲဖြစ်တာပေါ့ ” ဟု ပင်လောင်းဒေသခံတစ်ဦးက ပြောသည်။
‌အမည်ရှေ့ တိုင်းရင်းသားအမည်ကို ပြောင်းလဲထည့်သွင်းလိုသော်လည်း လုပ်ဆောင်ရခက်ခဲခြင်းကြောင်း အချို့မှာ မပြောင်းလဲဖြစ်တော့ဘဲ အရှိတိုင်းသာ ဆက်လက်အသုံးပြုကြောင်း သိရသည်။
“ကျွန်မ နာမည်ဆိုရင် မ… လို့ကျောင်းမှာကတည်းက အဲလိုဘဲပေးတော့။ ၁၀တန်းမှာ မှတ်ပုံတင်လုပ်တော့ အဲလိုပဲထည့်လိုက်တယ်။ တကယ်တမ်းဆိုရင် ကိုယ်လူမျိုးအမည်ထည့်ချင်တာပေါ့။ ပြီးတော့ ပြောင်းဖို့မလွယ်ဘူးလို့ကြားတော့ မပြောင်းဖြစ်ဘူး။” ဟု တောင်ကြီးဒေသခံတစ်ဦးမှ ပြောသည်။
မြို့နယ်လဝကရုံးများက ကျေးလက်ဒေသနေလူထုများအား ၎င်းတို့၏မှတ်ပုံတင်တွင် အမည်ရှေ့ရှိ ခွန်/နန်းများကို ဖြုတ်ပြီး တိုင်းရင်းသားအမည်မဟုတ်သည့်ဗမာအမည်များကို ပြောင်းလဲထည့်သွင်းခြင်းသည် တိုင်းရင်းသားများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ ချိုးဖောက်ခံရခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးလှုပ်သူတစ်ဦးက ဆိုသည်။
“မှတ်ပုံတင်မှာ မတို့ မောင်တို့ထည့်လိုက်တာက လူနည်းစုတိုင်းရင်းသားတွေရဲ့ယဉ်ကျေးမှု ဝိသေသ လက်က္ခဏာတွေ လွတ်လွတ်လပ်လပ်အသုံးပြုခွင့်ကို ပိတ်ပင်လိုက်တာပဲ။ အဲလိုလုပ်ခြင်းအားဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်။ ပြီးတော့တိုင်းရင်းသားတွေရဲ့ဖြစ်တည်မှုကို မလေးစားတာဖြစ်တယ်။” ဟု လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။
နိုင်ငံသားစိစစ်ရေးကတ်မှာ ဗမာအမည်ထည့်သွင်းတာက နိုင်ငံရေးအရရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခြင်းဖြစ်သလို ဌာနဆိုင်ရာတွေမှာလည်း ဗမာလူမျိုးအများစုသာခန့်ပြီး လူမျိုးကြီးဝါဒကို အခွင့်အာဏာနဲ့အသုံးပြုပြီး‌တော့ လူမျိုးငယ်‌တွေကို လွမ်းမိုးတာဖြစ်တယ် လူမျိုးငယ်တွေရဲ့အခွင့်အရေးဖိနှိပ်မှုဖြစ်တယ် ဟု ၎င်းက သူ့အမြင်ကို ယခုလို ဆက်ပြောဆိုသည်။
“အချို့ တိုင်းရင်းသားဒေသမှာ တာဝန်လာကျတဲ့ ဝန်ထမ်းတွေဆိုရင် တိုင်းရင်းသား တွေရဲ့နာမည်ကိုတောင် မပေါင်းတက်ဘဲ ရည်ရွယ်ချက်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အလွယ်တကူးနဲ့ မြန်မာနာမည် ရေးလိုက်တာမျိုးလည်းရှိတယ်။ ” ဟု ၄င်းမှဆက်ပြောသည်။
မှတ်ပုံတင်တွင် ပအိုဝ်းလူမျိုးအမည်မထည့်တော့ပါက ကြာလာရင် ပအိုဝ်းလူမျိုးစုပျောက်ကွယ်နိုင်သလို ယခုကဲ့သို့ ဗာမာနာမည်ထည့်သွင်းမှုများကို ဆန့်ကျင့်ရန် လိုအပ်ကြောင်း ဆီဆိုင်ဒေသခံကဆိုသည်။
ထို့ပြင် မိမိနာမည်များ မွေးသက္ကရာဇ်များ မှားယွင်းခြင်းရှိပါက လဝကရုံးသို့ သွားရောက်ပြီး ပြုပြင်ပြောင်းလဲရာတွင် ငွေးကြေးများပေးမှသာ ပြုလုပ်ပေးကြောင်း ဒေသခံများပြောကြားချက်အရ သိရပါသည်။
ပညာရေးမှ ဆယ်တန်းအောင်လက်မှတ်များနှင့် မှတ်ပုံတင်များတွင် ဖြစ်စလွယ်ရေးသုံးထားသည့် မောင်/မ များဖြင့်ပါရှိလာပြီး အိမ်ထောင်စုဇယားတွင်း သုံးထားသည့် ခွန်/နန်းများနှင့်ကွဲလွဲသည့်အခါ အဆင့်မြင့်တက္ကသိုလ် လျှောက်လိုသည်လည်းကောင်း၊ နိုင်ငံကူးလက်မှတ်ကူးလက်မှတ်ပြုလုပ်လိုသည် လည်းကောင်း၊ ဗီဇာပြုလုပ်လိုသည်လည်းကောင်း ထိုကွဲလွဲမှုများကြောင့် ပြုလုပ်ခွင့်မရဘဲ ထိုအခွင့်အရေးများဆုံးရှုံးရသည်အထိ နောက်ဆက်တွဲရိုက်ခတ်မှုရှိကြောင်း သိရသည်။
ယနေ့အချိန်ထိ ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ လဝက ရုံးများတွင် အဂတိလိုက်စားမှုများ၊ အကျင့်ပျက်ခြစားမှုများ‌ ရှိနေခြင်းကြောင့် နိုင်ငံရေးကတ်ပြားပြုလုပ်ရာတွင် အချိန်နှောင့်နှေးခြင်း၊ ကြန့်ကြာခြင်းရှိနေသလို တိုင်းရင်းသားအမည်များအား ပယ်ဖျက်ပြီး ဗာမာ့အမည်ကို ထည့်သွင်းခြင်းများလည်း ရှိဆဲဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *