ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၇၊၂၀၂၃
တလုပ်ချရေတံခွန်အနီးဝန်းကျင်ကို စစ်ကောင်စီတပ်က လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
ရွာငံမြို့နယ် ကျောက်ဂူတိကျေးရွာနှင့် ထန်းလှပင်ကျေးရွာကြား တလုပ်ချရေတံခွန်ရှိရာဝန်းကျင်ကိုအောက်တိုဘာလ ၁၅ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် ပျူစောထီးနှင့်စစ်ကောင်စီတပ်သားများက အင်အားသုံးကာ လာရောက်ပစ်ခတ်ခဲ့ကြောင်းသိရပါသည်။
စစ်ကောင်စီတပ်သားများက ယခုရက်ပိုင်းအတွင်းထန်းလှပင်ကျေးရွာလမ်းတွင် စစ်ဆေးမေးမြန်းမှုတင်းကြပ်နေကြောင်း သိရသည်။
ထန်းလှပင်ကျေးရွာနေထိုင်သူတစ်ဦးက ” တိုက်ပွဲမရှိဘူး ဒီတိုင်းလာပစ်သွားတာ ရေတံခွန်မှာစောင့်တဲ့သူတွေရှိတယ် ဘေးမှာ လိမ္မော်ခြံတွေရှိတယ် မသွားရဲကြသေးလို့ ထိခိုက်တာမသိရဘူး” ဟုပြောပါသည်။
စစ်ကောင်စီတပ်က လက်နက်ကြီးလက်နက်ငယ်လာရောက်ပစ်ခတ်မှုကြောင့် သဘာဝရေတံခွန်နှင့် လိမ္မော်ခြံများ ပျက်စီးမည်ကို စိုးရိမ်နေကြရ ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
စစ်ကောင်စီတပ်သားများသည် ငှက်သောက်ကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲနေထိုင်နေပြီး စစ်ကားငါးစီးဖြင့် အင်အားထပ်တိုးထားကြောင်း ၄င်းက ဆက်ပြောသည်။
ရွာငံမြို့နယ် အရှေ့မြောက်ဘက်ရှိ ငှက်သောက်ကျေးရွာ၊ တပင်ပျော်ကျေးရွာ၊ ငွေတောင်ကျေးရွာ ၊ထန်းလှပင်ကျေးရွာများကို စစ်ကောင်စီတပ်နှင့် အပေါင်းအပါများက အင်အား၂၀၀ ကျော်ဖြင့်စစ်ကြောင်းထိုးနေ‌ကြောင်း ဒေသခံတစ်ဦး‌ ပြောပြချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *