ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၇၊၂၀၂၃
‌ညောင်ရွှေမြို့ လဝကရုံးတွင် မှတ်ပုံတင်လာလုပ်သည့် ပြည်သူများကို ငွေကြေးအများအပြားတောင်းခံမှုရှိနေသည်ဟု မှတ်ပုံတင်လုပ်သူအမျိုးသားတစ်ဦး‌ ပြောဆိုချက်အရ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ရှိ ညောင်ရွှေမြို့ လဝကရုံးတွင် စက်တင်ဘာလအတွင်းနှင့်ယခုအောက်တိုဘာလအတွင်း မှတ်ပုံတင်သွားရောက်ပြုလုပ်သည့် ဒေသခံပြည်သူများကို လဝကရုံးတာဝန်ရှိသူများက ငွေကြေးအများအပြားတောင်းခံခဲ့ကြောင်း ယနေ့အောက်တိုဘာ ၁၇ ရက်နေ့တွင် အဆိုပါ မှတ်ပုံတင်လုပ်သည့် ဒေသခံများက ပြောဆိုသည်။
“ကျွန်တော်က မှတ်ပုံတင်သွားလဲတာ၊ အဲ့တာကို အကြာကြီးထိုင်စောင့်ရတယ်။ ပြီးလည်းပြီးရော စေတနာကြေးလား ဘာကြေးလားတောင်းတယ်။ ကျွန်တော်က တစ်သောင်းနှစ်သောင်းထည့်ပေးမယ်ပြောတော့ မရဘူးတဲ့ (၄)သောင်းပေးရမယ် ဆိုလို့ ကျွန်တော်လည်း (၄)သောင်းပေးလိုက်ရတယ်”ဟု မှတ်ပုံတင်လုပ်သူအမျိုးသားတစ်ဦး ကပြောသည်။
မှတ်ပုံတင်လုပ်ရန် ငွေကြေးအများအပြားတောင်းခံခြင်းကြောင့် အချို့ဒေသခံများသည် မှတ်ပုံတင်လုပ်ရန်နှင့် လဲလှယ်ရန် မလုပ်ချင်ကြဘဲ လုပ်ရန်ဝန်လေးကြကြောင်း သိရသည် ။
“ကျွန်တော်က အဝေးကနေလာတော့ လမ်းစရိတ်ဖိုးတွေနဲ့ဆိုရင်တောင် အများကြီးကုန်နေပြီ၊ သူတို့အခုလိုမျိုးအများကြီးထပ်တောင်းတော့ အဆင်မပြေဘူးလေ။ ပြီးတော့အကြာကြီးလည်း ထိုင်စောင့်ရသေးတယ်”ဟု ၎င်းကဆက်ပြောသည်။
မှတ်ပုံတင်လုပ်သူ နောက်အမျိုးသားတစ်ဦးကလည်း “ကျွန်တော်လုပ်တာလည်း နှစ်သောင်းခွဲပေးရတယ်။ အမှန်ဆိုအဲ့လောက်မကုန်ဘူး။ ပြီးတော့အကြာဘဲ ထိုင်စောင့်ပေးရသေးတယ်။ ကျွန်တော်ဆို (၃)ခါလောက်သွားမှ ရလာတယ် မှတ်ပုံတင်က”ဟုပြောသည်။
မှတ်ပုံတင်လာလုပ်သည့်ပြည်သူများကို အဆိုပါ လဝကဝန်ထမ်းများက တောင်းချင်သည့် ငွေကြေးပမာဏအတိုင်း တောင်းကြသဖြင့် တစ်ယောက်နှင့်တစ်ယောက် ကုန်ကျမှုမှာလည်း တူညီမှုမရှိကြောင်း ၎င်းက ဆက်ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *