ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၈၊၂၀၂၃
ကိုးကန့်နှင့် “ဝ”ဒေသရှိ အွန်လိုင်းပေါ်ငွေလိမ်မှု၊ လောင်ကစားနှင့် လိင်ဖျော်ဖြေရေးလုပ်ငန်းများတွင် လုပ်ကိုင်နေ‌သည့် ရာဇဝတ်လူမိုက်ဂိုဏ်းသားများကို ထိထိရောက်ရောက်အရေးယူပေးရန် ရှမ်းလူ့အခွင့် အရေးမဏ္ဍိုင်က တောင်းဆိုထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်နှင့် “ဝ”ဒေသများတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အွန်လိုင်းဖြင့် ငွေလိမ်လည်ခြင်းလုပ်ငန်းများ၊ လောင်ကစား၊ လိင်ဖျော်ဖြေ‌ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ရာဇဝတ်လူမိုက်ဂိုဏ်းသားများကို ထိရောက်မှုရှိသည့် အရေးယူခြင်းများ လုပ်ဆောင်ပေးရန် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က တောင်းဆိုခြင်းဖြစ်သည်။
“သက်ဆိုင်ရာဒေသ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ ဒီလိုခံရတဲ့ပြည်သူတွေကို ကူညီပေးဖို့၊ ဒီလိုမျိုးကိစ္စတွေမှာ ကျူးလွန်နေတဲ့သူတွေကို အရေယူပေးဖို့ ကျွန်မတို့အနေနဲ့တောင်းဆိုချင်ပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြစ်မှုကျူးလွန်သူအများစုသည် တရုတ်နိုင်ငံသားအများစုပါဝင်နေပြီး တရုတ်အစိုးရအနေဖြင့်လည်း သူတို့နိုင်ငံသားများကျူးလွန်သည့်ရာဇဝတ်မှုများကို တာဝန်ယူဆောင်ရွက်စေလိုကြောင်း ၎င်းကဆက်ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူငယ်အများစုသည် ရပ်ရွာစွန့်၊ ပညာရေးလမ်းကြောင်းမှစွန့်ခွာကြပြီး အလုပ်အကိုင်အခွင့်အလမ်းများကို ရှာဖွေနေစဥ် လူကုန်ကူးသမားများအတွက် သူတို့သည်အဓိက သားကောင်းများဖြစ်လာကြကြောင်း ဆိုထားပါသည်။
“ဝ”ဒေသတွင် မြန်မာ့စစ်တပ်ပိုင်ဆက်သွယ်ရေးကွန်ယက်တစ်ခုဖြစ်သည့် မိုင်တဲ(Mytel)ကွန်ယက်ကို အသုံးပြုပြီး ငွေကြေးလိမ်လည်မှုလုပ်ငန်းများကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြပြီး ၎င်းဒုစရိုက်မှုများကို စစ်ကောင်စီဘက်မှ ဖြေရှင်းနိုင်ခြင်းမရှိကြောင်း သိရသည်။
ပုံ-ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်

Leave a Reply

Your email address will not be published. Required fields are marked *