ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၃၊၂၀၂၃
အောက်တိုဘာလအတွင်း မိုးကြီးရွာသွန်းမှုကြောင့်ပင်‌လောင်းမြို့နယ်အတွင်းရှိ ကျေးရွာလမ်း နှင့် လမ်းမများ၌ တောင်ပြိုကျခြင်း၊ လမ်းမကြီးမြေသားအက်ကွဲခြင်းများ ဖြစ်ပွားခဲ့ကြောင်း ပင်လောင်းဒေသခံတစ်ထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင်အောက်တိုဘာလအတွင်း မိုးကြီးရွာသွန်းမှုကြောင့်မြို့နယ်အတွင်းရှိ ကျေးရွာလမ်း နှင့် လမ်းမများ၌ တောင်ပြိုကျခြင်း၊ လမ်းမကြီးမြေသားအက်ကွဲခြင်းများ အနည်းဆုံး ၃ နေရာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယခုလအတွင်း ပင်လောင်းအရှေ့ဖက်ရှိ ထာငို-ထီဖောင်းလမ်းတွင် လမ်းကျွံကျခြင်းနှင့် တောင်ပြိုကျခြင်းဖြစ်ခဲ့သလို၊ ဖယ်ခုံ-ပင်လောင်းနယ်စပ်ရှိ တောင်စလုံး-လတိန်ရွာချင်းဆက် ကတ္တရာလမ်းတွင်လည်း မြေကျွံကျမှုရှိပြီး၊ ပင်လောင်းအနောက်ဖက်ရှိ ဝါးရန်- ရေအေးရွာချင်းဆက်လမ်း နှင့် တီကျစ်မြို့အရှေ့ဖက် စိန်ပန်း-အင်းတိန်သွားလမ်းတွင် တောင်ပြိုကျ၍ လမ်းများပျက်စီးမှုရှိခဲ့‌ကြောင်း သိရသည်။
“အဆိုးဆုံးတော့ လမ်းကျွံကျတဲ့ဟာပေါ့ သက်ဆိုင်ရာကို မြန်မြန်ပြင်စေချင်တယ်။ မပြင်နိုင်သေးရင် စာကပ်ထားတာတို့ အန္တရာယ်ရှိတယ်ဆိုတဲ့အမှတ်အသားတွပြုလုပ်ပေးဖို့ လိုတယ်။” ဟု ရေအေးရဒေသခံတစ်ဦးက ပြောသည်။
မိုးကြီးရွာသွန်းခြင်းနောက်ဆက်တွဲ ဖြစ်ပွားသည့် လမ်းအက်ကွဲခြင်း၊ မြေပြိုခြင်းများကြောင့် အများပြည်သူသွားလာအသုံးသည့် လမ်းများသည် သတိမထားမိဘဲ ဖြတ်သန်းသွားလာမိပါက အန္တရာယ်ရှိပြီး ထိခိုက်မိနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။
” ဒေသခံတွေတော့ သူတို့ ပြင်နိုင်သလောက် ပြင်ထားပြီးပြီ ခုလည်းမိုးဆက်တိုက်ရွာနေသေးတာမို့ အသွားအလာလုပ်ရင် သတင်းနားထောင်ပြီးတော့ သွားလာ စေချင်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။
ပင်လောင်းမြို့သည် တောင်ပေါ်ဒေသဖြစ်ပြီး ယခုနှစ် မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် လမ်းပြိုကျပျက်စီးခြင်း၊ လမ်းကျွံကျခြင်း နှင့်လယ်ယာ စိုက်ခင်းများ ရေမြှုပ်ပျက်စီးခြင်း မကြာခဏ ကြုံရ တွေ့ရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *