ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၂၊၂၀၂၃
ဘောလခဲမြို့ပေါ်တွင် ဆန်ပြတ်လပ်မှုရှိနေပြီး ဒေသခံများက ဆန်ပြုတ်ချက် စားသောက်နေရကြောင်း ဒေသခံတစ်ဦး‌ ပြောပြချက်အရ သိရသည်။
ကယား(ကရင်နီ)ပြည် ဘောလခဲမြို့တွင် ရိက္ခာသယ်ယူခွင့်တင်းကြပ်သဖြင့် ဆန်များပြတ်လပ်နေပြီး ဒေသခံများက ဆန်ပြုတ်သောက်နေရသူများရှိသလို အချို့မှာပြောင်းဆံများရောနှော ချက်စားနေရကြောင်း သိရှိရပါသည်။
“ကျနော်တို့တကယ် အဆင်​​ပြေမနေကြဘူး၊ ဆန်ကလည်းရှားတယ်၊ ရှားတယ်ဆိုတာက ဆန်စျေးကလည်း အဆမတန်ကြီးတယ်။ ဆန်ကလည်းရှား တော့ ဆန်ပြုတ်သောက်ရတာက ပိုများတယ်၊ပြောင်းဆံကို ထောင်းပြီး ရောစားနေရသူလည်း ရှိတယ်”ဟု ပြောင်းဆံ ရောနှောချက်စားနေရသူ ဘောလခဲဒေသခံတစ်ဦးက ပြောဆိုသည်။
ယခုကဲ့သို့ အငတ်ဘေးဆိုက်နေရသည်မှာ နောက်မျိုးဆက်များအတွက်ပါ စိုးရိမ်ရကြောင်း ဘော်လခဲဒေသခံအမျိုသားးတစ်ဦးက ယခုလိုပြောထားပါသည်။
“အခု ကျနော်တို့လက်ထက်တောင် ဒီလောက်အငတ်ဘေးတွေကြုံနေရတာ၊ ကျနော့်ကလေးတွေကျရင် ဒီလိုအဖြစ်ဆိုးမျိုးတွေ မကြုံစေချင်ဘူးဗျာ၊ကျနော်တို့ပဲ အဆိုးတွေရင်ဆိုင်ပေးခဲ့ချင်တာ နောက်မျိုးဆက်တွေကိုတော့ ဒီလိုအဖြစ်မခံနိုင်တော့ဘူး”ဟု သူက ပြောသည်။
လက်ရှိ ဘောလခဲဒေသတွင် ဆန်ကိုအချင်းချင်းဝေမျှစားသောက်နေရကြောင်း အဆိုပါအမျိုးသားက ဆက်ပြောသည်။
ဘောလခဲမြို့ပေါ်တွင် နေထိုင်သူများရှိနေဆဲဖြစ်ပြီး အချို့​ကျေးရွာများတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *