ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၂၊ ၂၀၂၃
ဒီနွေဦးတော်လှန်ရေးအောင်မြင်တဲ့တစ်နေ့မှာ ကွယ် လွန်သွားတဲ့ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်ရဲ့အရိုးပြာကို အင်းလေးရေပြင်မှာသယ်ဆောင်လာပြီးကျဲဖြန့် စုပေါင်းအမျှဝေပေးမယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကဆိုပါတယ်။
အင်းသားလူမျိုး တိုင်းရင်းသားရေးရာဝန်ကြီးဒေါက်တာ ထွန်းလှိုင်ဟာ ထွက်ပြေးတိမ်းရှောင်ရင်း လူကြီးရောဂါနဲ့ပြီးခဲ့တဲ့နှစ်ပတ်လောက်က ကွယ်လွန်သွားခဲ့တာလို့ ဆိုပါတယ်။
“ဘယ်နေရာ၊ ဘယ်ဒေသမှာ ဆုံးသွားမှန်း ကျွန်တော်တို့မသိရပါဘူး။ တစ်နေ့တော်လှန်ရေးအောင်မြင်တဲ့ အခါမှာတော့ ဆရာလှိုင်ကွယ်လွန်မြေမြှုပ်ခဲ့တဲ့နေရာကိုတူးဖော်ပြီး အင်းသူအင်းသားအများစုနဲ့ အရိုးပြာကိုသယ်ဆောင်ပြီး သူချစ်မြတ်နိုးတဲ့အင်းလေး ရေပြင်မှာကျဲဖြန့်စုပေါင်းအမျှဝေချင်ပါတယ်”လို့ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကပြောပါတယ်။
ဒေါက်တာ ထွန်းလှိုင်ဟာ စစ်တပ်အာဏာမသိမ်းခင် တစ်ရက်အလို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက် ညပိုင်းကတည်းက တစ်ကြိမ်ဖမ်းခံရဖူးပြီး တစ်လအကြာမှာ ပြန်လွတ်လာပေမဲ့ အဲဒီနောက်ပိုင်းမှာ တောက်လျှောက် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။
ထွက်ပြေးတိမ်းရှောင်ရတဲ့ ကာလတွေမှာ အစာ အာဟာရ မလုံလောက်တာကြောင့် ရောဂါအခံ ပေါ်လာတာနဲ့ ရုတ်တရက် ဆုံးပါးသွားရတာဖြစ်ပြီး ကွယ်လွန်စဉ်မှာ ၇၄ နှစ်ရှိပြီလို့ သိရပါတယ်။
Justice Movement for Community – Innlay အဖွဲ့ရဲ့ဒါရိုက်တာ မယုလှိုင်သင်းကလည်း“ကြားရတာနဲ့တင် အင်မတန် စိတ်မကောင်းဖြစ်ရတယ် အင်းလူထုတွေအတွက် စေတနာဆရာဝန်တစ်ဦး ဖြစ်ခဲ့သလိုအင်းလေးဒေသမှာဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လမ်းစကိုအရင်ဦးဆုံးအကောင်အထည် ဖော်ပေးခဲ့တယ်” လို့ပြောပါတယ်။
ဒေါက်တာထွန်းလှိုင်ဟာ အင်းလေးကန် ပတ်လမ်းတွေရရှိအောင် စွမ်းဆောင်ပေးခဲ့သလို နှစ်၆၀ ကျော်လျှပ်စစ်မီးမရတဲ့ စံကားဒေသမှာလည်းသူလုပ်ပိုင် ခွင့်ရတဲ့ အချိန်မှာ လျှပ်စစ်မီးရရှိအောင်စွမ်းဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်။
“ဆရာလှိုင်ဟာ သူ့ရဲ့အင်းလေးဒေသကို ပါးစပ်နဲ့ စိတ်နဲ့ ချစ်ပြသွားတာမဟုတ်ဘူး လက်တွေ့ချစ်ပြသွားခဲ့ပါတယ်။”လို့ ဦးနေမျိုးကဆက်​ပြောပါတယ်။
ဒေါက်တာ ထွန်းလှိုင်ဟာ ညောင်ရွှေမြို့နယ် အင်းလေးဒေသ ဟဲယာရွာမရွာမှာ နေထိုင်သူဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)ကနေ အင်းတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ၂၀၁၅ နဲ့ ၂၀၂၀ ခုနှစ်မှာ နှစ်ကြိမ်ဆက်တိုက် အနိုင်ရရှိခဲ့ပါတယ်။
ဒါ့အပြင် သူဟာ ၁၉၈၈ ခုနှစ် နိုင်ငံရေးအကျဉ်းသား ဟောင်းလည်းဖြစ်တဲ့အပြင် အင်းလေးဒေသတစ်ခုလုံးက ပြည်သူတွေကို မေတ္တာနဲ့ ဆေးကုပေးခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *