ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၁၊၂၀၂၃
ဆီဆိုင်မြို့နယ် အောင်ကလပ်အပေါ်ရွာရှိ စစ်ရှောင်စခန်းတွင် တုတ်ကွေးဖြစ်နေသည့်ကလေးငယ်များ ဆေးကုသရန်အခက်အခဲရှိနေကြောင်း စစ်ရှောင်တစ်ဦး ပြောပြချက်အရ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် အောင်ကလပ်အပေါ်ရွာရှိ စစ်ရှောင်စခန်းတွင် ဆေးဝါးများ ပြတ်လတ်နေပြီး တုတ်ကွေးဖြစ်နေသည့်ကလေးငယ်များ ဆေးကုသရန်အခက်အခဲရှိနေရခြင်း ဖြစ်သည်။
ပြီးခဲ့သည့် နွေရာသီတွင် ဆေးအလှူတစ်ခေါက်ရရှိခဲ့ပြီး ယခုအခါ ထိုဆေးဝါးများပြတ်လတ်နေပြီ ဖြစ်ကြောင့် သိရသည်။
“ပြီးခဲ့တဲ့ ၄ လပိုင်းတုန်းကလည်း စစ်ရှောင်စခန်းက ၂ နှစ်ကလေးတစ်ယောက် ဝမ်းပျက်ဝမ်းလျော်ဖြစ်ပြီး ဆေးမရှိတော့ ကုသမှုအချိန်မမှီလိုက်ဘဲ မသေသင့်ပဲ သေသွားခဲ့တယ်။ “ ဟု စစ်ရှောင်တာဝန်ခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ဖျားနာနေသည့် စစ်ရှောင်ပြည်သူများသည် စစ်ရှောင်စခန်းတွင် ဆေးဝါးများ မစုံလင်းသောကြောင့် သူများဆီ ငွေချေးဌားပြီး လွိုင်ကော်မြို့ပေါ် ဆေးခန်းသို့ သွားရောက်ကုသနေရကြောင်း ဆိုသည်။
“အခု ချောင်းဆိုး နှာစေး တုပ်ကွေးတအားဖြစ်နေတယ်။ ကလေးတွေကအစ မနေကတည်းက မပြီးမစီးနိုင်တော့ဘူး။ နေ့တိုင်းလိုလိုပါပဲ။ ဆေးဖိုးဝါးခ လည်းအရမ်းကုန်တယ်။ စခန်းမှာက ဆေးမလုံလောက်တော့ဘူး ဒီနေ့လည်း ပိုတ်ဆံရှိမှ ဆေးကုနေရတယ်ပြောနေကြတယ်။ “ ဟု စစ်ရှောင်တာဝန်ခံတစ်ဦးက ပြောသည်။
လက်ရှိ စခန်းတွင် ကလေးနှင့် သက်ကြီးရွယ်အို အပါအဝင် တုပ်ကွေး ဖြစ်သူအယောက် ၆၀ ကျော်ရှိပြီး ဆေးဝါးမရှိဘဲ ရေဖြူကျေးရွာက အစိုးရဆေးခန်းတွင် ငွေကြေးပေးကာ ကုသနေရကြောင်းသိရသည်။
“ပိုက်ဆံရှိတဲ့ သူကတော့ ကုနိုင်တာပေါ့။ ပိုက်ဆံမရှိတဲ့သူကတော့ ဒီရောဂါကို ကြိတ်ခံစားနေရတာပေါ့။ ကျမတို့လည်း ဘယ်လိုမှ ကူညီပေးလို့မရဘူး ဒီအတိုင်းပဲ ကြည့်ပြီး ခံစားနေရတယ်” ဟု စစ်ရှောင်တာဝန်ခံက ဆက်ပြောသည်။
အောက်ကလပ်ကျေးရွာရှိ စစ်ရှောင်များသည် ကုန်းသာရွာ၊ ပဒါညေးကျေးရွာ၊ လွိုင်လင်လေး၊ လွိုင်ကော်၊ ဒီးမော့ဆိုမှ စစ်ရှောင်များဖြစ်ပြီး ယခုလအတွင်းလွိုင်လင်လေးမှ စစ်ရှောင်များတိုးလာသဖြင့် စစ်ရှောင်စုစုပေါင်း ၅၀၀ နီးပါးရှိကာ ‌ကျောင်းနေအရွယ်ကလေးငယ်များ ၁၀၀ ကျော်ရှိကြောင်း သိရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *