ခမ်းသားငေါဝ်း၊
အောက်တိုဘာ ၁၁၊၂၀၂၃
အင်းလေးအရှေ့ဘက်ခြမ်း နမ်းပန်မြို့တွင် စစ်ကောင်စီမှ ဧည့်စာရင်းကောက်ယူမှုများရှိသလို ဖမ်းဆီးမှု့များလည်းပြုလုပ်နေကြောင်း နမ်းပန်မြို့ခံတစ်ဦးပြောပြချက်အရ သိရသည်။
ရှမ်းတောင်၊ အင်းလေးဒေသ နမ်းပန်မြို့၌ အင်းလေးဘုရားပွဲတော်နီးကပ်လာချိန်တွင် စစ်ကောင်စီမှ အိမ်ငှားများနေထိုင်သည့်အိမ် နှင့် ဧည့်သည်များလာရောက်တည်းခိုကြသည့်နေအိမ်များကို ဧည့်စာရင်းများ စစ်ဆေးကောက်ယူပြီး ဖုန်းများကိုလည်း စစ်ဆေးကာ ဖမ်းဆီးမှုများရှိနေသည်ဟု သိရသည်။
ထိုသို့စစ်ဆေးရာတွင် ဖုန်းထဲရှိ အွန်လိုင်းလောင်းကစားလုပ်သူများ၊ နိုင်ငံရေးပိုစ့်များကို ရှယ်ထားသူများ၊ pdf ထောက်ခံသည့်ပိုစ့်တင်ထားသူများကို ဖမ်းဆီးမှုရှိနေကြောင်း နမ်းပန်တွင်နေထိုင်သည့် အမျိုးသားတစ်ဦးက ဆိုသည်။
“ဖမ်းတာကတော့ လိုင်းပေါ်ကလောင်းကစားလုပ်တာတွေ ၊ ဘော့လုံးလောင်းတာတို့ သူများကိုပြန်ရှယ်ပေးတာတို့ လောင်းကစားမှုနဲ့ဖမ်းတာများတယ်၊ ပြီးတော့ နိုင်ငံရေးပိုစ့်တွေ ရှယ်တဲ့သူတွေ၊ pdfတွေထောက်ခံတဲ့သူတွေကို ဖမ်းသွားတာ”ဟု အဆိုပါအမျိုးသားက ပြောဆိုသည်။
ဖမ်းဆီးခံရသူများတွင် အသက်၂၀ ကျော်အရွယ်လူငယ်တစ်ဦးဖြစ်ပြီး နမ်းပန်တွင် လာရောက်အလုပ်လုပ်ကိုင်စဥ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
“ကျနော့်သူငယ်ချင်းက နမ်းပန်မှာလာပြီးတော့ အလုပ်လာလုပ်တာ၊စစ်ကောင်စီတပ်တွေက ဧည့်စာရင်းလာစစ်တယ်၊ ပြီးတော့ ကျနော်တို့ဖုန်းတွေကို ယူစစ်တယ်။ ကျနော်က ဘာမှမရှယ်ထားတော့ ဘာမှမလုပ်ခဲ့ဘူး။ သူငယ်ချင်းက လိုင်းပေါ်မှာဘောလုံးပွဲလောင်းတယ်။ ပြီးတော့နိုင်ငံရေးပိုစ့်တွေရှယ်ထားတယ်။ အဲဒီတော့ အခုအချုပ်ထဲမှာ ဖမ်းခံထားရတာ”ဟု ဖမ်းဆီးခံရသူနှင့် နီးစပ်သူတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်း အင်းလေးဒေသတွင် ပြည်သူများ၏ လုံခြုံရေးသည် ၈၉ ရာခိုင်နှုန်း လုံခြုံမှုမရှိကြောင်း JMC-Innlay မှ စုစည်းထားသည့် သတင်းအချက်လက်များအရ သိရသည်။