ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၁၊၂၀၂၃
ရွာငံ-အောင်ပန်း လမ်းပေါ်ရှိ စစ်ကောင်စီဂိတ်များတွင် ယခင်လထက် ယခုရက်ပိုင်းက စစ်ဆေးမှုများပိုတင်းကြပ်လာကြောင်း ခရီးသည်တစ်ဦးထံမှ သိရသည်။
ရှမ်းတောင်၊ ရွာငံ-အောင်ပန်း လမ်း‌ပေါ်ရှိ စစ်ကောင်စီဂိတ်များတွင် ယခုရက်ပိုင်းအတွင်း အစစ်အဆေးများ တင်းကြပ်လာပြီး ငွေတောင်းခံမှုများလည်း ရှိနေသည် ဟု သိရသည်။
စစ်ကောင်စီဂိတ်မှ ငွေတောင်းသူများသည် စစ်ကောင်စီတပ်သားများ၏ မိန်းမဟု ယူဆရသည့် အမျိုးသမီးများက ငွေတောင်းခံနေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူ ခရီးသည်တစ်ဦးက ယခုလို ပြောဆိုသည်။
“အရင်က စစ်ဆေးတာထက် အခုကပိုကြမ်းလာတယ်၊ အရင်ကဆို ဒီတိုင်းအေးဆေးပဲသွားခိုင်းတယ်၊ အခုတော့ အဲလိုမဟုတ်တော့ဘူး၊ ကားသမားတွေဆီက ငွေတောင်းတာလည်းမြင်ရတယ်၊ စစ်သားရဲ့မိန်းမကပါ ဂိတ်တွေမှာ ငွေကောက်နေတာ”ဟု ကိုယ်တိုင်ကြုံတွေ့ရသူ ခရီးသည်တစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ထိုသို့အစစ်ဆေးများပြီး ငွေကောက်နေမှုကြောင့် ပြည်သူတစ်ဦးကလည်း ခရီးသွားလာသည့်အခါ စိုးရိမ်ရကြောင်း ဆိုသည်။
“အစစ်ဆေးက အရင်ကထက် ပိုတင်းကျပ်လာတော့ ကိုယ့်ဆီကများ ငွေတောင်းမလား၊ ငွေတောင်းလို့မရရင် ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးနှိပ်စက်မလားပေါ့လေ အဲလိုတွေစိုးရိမ်နေရတာပေါ့”ဟု အသက် ၃၀ အရွယ် ခရီးသည်တစ်ဦးကပြောသည်။
ယခုကဲ့သို့ အစစ်အဆေးပိုများလာရခြင်းသည် မှော်ဘုရင်စစ်ကြောင်းမှ ပြည်သူများကို အောက်တိုဘာ ၅ ရက်မှ ၁၅ ရက်အတွင်း ညနေ ၅ နာရီနောက်ပိုင်း အပြင်မထွက်ရန် ထုတ်ပြန်ချက်အပေါ် စစ်ကောင်စီတပ် တဖက်တွင်တင်းကြပ်လာခြင်း ဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးက သူ့အမြင်ကို ပြောဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *