ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၁၊၂၀၂၃
မြေစာပုံများနှင့် ဗြွက်ထပျက်စီးနေသည့် ကျောက်မီးသွေးမိုင်းတွင်းလမ်းကို ဖြတ်သန်းသွားလာနေရသည့် ဒေသခံများ သွားလာရေး လမ်းအခက်အခဲကြုံတွေ့‌နေရကြောင်း ဒေသခံများထံမှသိရသည်။
ပင်လောင်းမြို့နယ် တီကျစ်မြို့ အရှေ့ဘက်ရှိကျေးရွာများမှ ဒေသခံများသည် မြေစာများနှင့် ဗြွက်ထပျက်စီးနေသည့် ကျောက်မီးသွေးမိုင်းတွင်းလမ်းကို ဖြတ်သန်းသွားလာရသဖြင့် သွားလာရေး လမ်းအခက်အခဲ ကြုံတွေ့‌နေရခြင်း ဖြစ်သည်။
တောင်ပို့လရွာ၊ ပင်မှီကုန်းရွာမှ ဒေသခံများသည် တီကျစ်မြို့သို့သွားလာရာတွင် မိုင်းတွင်းကို ဖြတ်သွားရပြီး မိုးရာသီတွင် မြေစာပုံများတဖက် မိုးရေတဖက်နှင့် ဗြွက်ထကာ လမ်းများပျက်စီးနေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“ပြီးခဲ့တဲ့ ရက်ကကျွန်တော်ခရမ်းချဥ်သီးဆင်းပို့တာ ည ၈ နာရီခွဲလောက် ပြန်တော့ မိုးရွာတာနဲ့ မိုင်းတွင်းမှာ ကားကခံနေတာ တစ်နာရီကျော်ကြာတယ်၊ မြေစာပုံရဲ့ဗြွက်တွေနဲ့ ကားကပြန်လို့မရတော့ဘူး။ “ဟု ပင်မှီကုန်းရွာအမျိုးသားတစ်ဦးက ပြောသည်။
မိုင်းတွင်းအရှေ့ဘက်ရှိကျေးရွာဒေသခံများသည် မြို့သို့သွားလာရာတွင် မိုးရွာသည့်အချိန်နှင့်တိုက်ပါက အသွားတစ်ခါ အပြန်တစ်ခေါက် မိုင်းတွင်း၌ ကားများအမြဲလိုလိုခံနေကြောင်း ၎င်းကဆက်ပြောသည်။
သွားလာရေးလမ်းခက်ခဲမှုကြောင့် ရွာမှထွက်သည့်သီးနှံများသည် အချိန်မှီ မပို့ဆောင်နိုင်ဘဲ ဈေးပေါပေါနှင့်ရောင်းချရသည့် အခြေအနေမျိုးလည်း ကြုံရကြောင်း ဒေသခံများက ပြောဆိုသည်။
မိုးရာသီတွင် ရွာသူရွာသားများ သွားလာရေး အဆင်ပြေလွယ်ကူစေရန် မိုင်းတွင်းမှတာဝန်ရှိသူများအား အဆိုပါလမ်းကို သဲများဖြင့်ခင်းပြီး ပြန်လည်ပြုပြင်ပေးရန် ဒေသခံများက တောင်းဆိုလိုကြောင်း ပြောဆိုကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *