ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၁၊၂၀၂၃
ညောင်ရွှေမြို့နယ်တွင် ကျင်းပမည့် ဘုရားပွဲတော်အတွက် လုံခြုံရေးဟုဆိုကာ စစ်ကောင်စီ နှင့်PNO တပ်သားအများအပြားက နေရာယူထားသဖြင့် ဒေသခံများကြောက်လန့် နေကြရကြောင်း အင်းလေးဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ယခုနှစ် ဖောင်တော်ဦးဘုရားပွဲတော် ကျင်းပမည်ဖြစ်ပြီး ဘုရာပွဲအတွက် စစ်ကောင်စီ နှင့် PNO တပ်သားများက လုံခြုံရေးတာဝန်ယူပေးမည်ဟု ဆိုထားပါသည်။
ယခု ပွဲတော်ကာလ မရောက်သေးဘဲ စစ်ကောင်စီနှင့် PNOတပ်သားအများအပြားက ကင်းလှည့်ခြင်းများ၊ ဂိတ်များတွင်တင်းကြပ်စစ်ဆေးခြင်းများ၊ လိုအပ်သည်ထက်ပိုစစ်ဆေးခြင်းများပြုလုပ် လာနေပြီဖြစ်၍ ဒေသခံများကသွားရေးလာရေးတွင် မိမိလုံခြုံရေးကို အထူးစိုးရိမ် နေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ဘုရားပွဲက မရောက်သေးဘူး။ သူတို့က တပ်သားအများအပြားနဲ့ လာတော့ကြောက်တယ်။ ကိုယ်သွားချင်တဲ့ နေရာလည်း သူတို့က စောင့်နေတော့မသွားရဲတော့ဘူး”ဟု အင်းလေးဒေသခံတစ်ဦးက ပြောသည်။
တစ်ဖက်တွင်လည်း အင်းလေးတွင်ကျင်းပမည့် ဖောင်တော်ဦးဘုရားပွဲသို့ လာရောက်မည့် ခရီးသွားဧည့်သည်များသည် စစ်တပ်မိသားစုပိုင် ဟိုတယ်များနှင့် စစ်တပ်ထောက်ခံဟိုတယ်များကို အားပေးတည်းခိုမှု့မပြုကြရန်လည်း အင်းလေးအမျိုးသမီးသမဂ္ဂနှင့် အင်းလေး PDF အဖွဲ့က ထုတ်ပြန်ထားပါသည်။
အင်းလေး စက်လှေ မောင်းသူတစ်ဦးကလည်း “ခု လောလောဆယ်တေ့ာ အေးချမ်းပါတယ်။အများစု တေ့ာ စိုးရိမ်စိတ်ရှိကြတာပေါ့။ ခုခေတ်ကာလနဲ့ ဆိုတော့လေ တစ်ယောက်နဲ့ တစ်ယောက် စိတ်ခံယူချက်က မတူတော့ ဘယ်လိုဘဲဖြစ်ဖြစ် ဘုရားပွဲကို အေးအေးချမ်းချမ်းဘဲပြီးမြောက်စေချင်တယ်”ဟု ပြောသည်။
အင်းလေးဘုရားပွဲသည် အောက်တိုဘာ ၁၅ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး နိုဝင်ဘာလ ၁ ရက် နေ့အထိ ကျင်းပသွားရန်ရှိကြောင်း ဒေသခံတစ်ဦး ပြောပြချက်အရ သိရသည်။
ပုံ -CJ

Leave a Reply

Your email address will not be published. Required fields are marked *